နေပြည်တော် ဇွန် ၁၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၄-၆-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့ပေါ်ရှိ တွံတေးမြို့မရဲစခန်း အချုပ်ခန်းနှင့် မိဘဂုဏ်ဘိုးဘွား ရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် တွံတေးမြို့ပေါ်ရှိ မြို့မရဲစခန်းအချုပ်ခန်းကို ကော်မရှင်ဥပဒေပြဋ္ဌာန်း ချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန် ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ၊ မိသားစု တွေ့ဆုံမှု အခြေအနေ၊ တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်ချိန်အတွင်း နေထိုင်စားသောက်ရမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အကျိုး ဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တွံတေးမြို့နယ်ရှိ မိဘဂုဏ်ဘိုးဘွားရိပ်သာကိုလည်း ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် လက်ခံစောင့်ရှောက်ပေး လျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုနှင့် ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော် သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သတင်းရရှိသည်။
(သတင်းစဉ်)


