ရန်ကုန် ဇွန် ၁၄
သတ်မှတ်ကာလကျော်လျှင် အရေးယူမှုများရှိမည်ဖြစ်၍ အီဂျစ်ရောက်မြန်မာနိုင်ငံသားများ အနေဖြင့် နေထိုင်ခွင့်နှင့်ပတ်သက်၍ အချိန်မီဆောင်ရွက်ရန် အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေး တိုက်တွန်းနှိုးဆော်ထားသည်။
အီဂျစ်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများအနေဖြင့် အီဂျစ်နိုင်ငံတွင်နေထိုင်စဉ် ကာလအတွင်း သက်တမ်းရှိသည့် နေထိုင်ခွင့် (Stay Permit)များ လျှောက်ထားဆောင်ရွက်ကြရန် အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားများဌာန (General Authority of Passport, Immigration and Nationality)မှ ၂၀၂၄ခု ဇန်နဝါရီလက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယခုအခါ အီဂျစ်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများအားလုံးအနေဖြင့် နေထိုင်ခွင့်ကတ် (Resident Card) အား ၂၀၂၄ခု ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထား၍ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားများဌာနထံတွင် လျှောက်ထားကြရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးအကြောင်းကြားလာသည်ဟု ပါရှိ သည်။
ထို့ကြောင့် အီဂျစ်နိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာ နိုင်ငံသားများအနက် အီဂျစ်နိုင်ငံတွင် နေထိုင်ခွင့်ကတ်မရှိသေးသူ(သိုမဟုတ်) သက်တမ်းကုန်ဆုံး နေသူများအနေဖြင့် နေထိုင်ခွင့်ကတ်များကို ၂၀၂၄ ခု ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်၌ပါရှိသည်။
ထိုသိုလျှောက်ထားခြင်းမပြုပါက ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ပိုင်းမှစတင်၍ အီဂျစ် အစိုးရက အရေးယူမှုများကို ထိရောက်စွာဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံတွင် ပညာ သင်ကြားနေသူများအနေဖြင့် ပြည်နေထိုင်ခွင့်ကဒ်အပြင် သက်ဆိုင်ရာ ကျောင်း/တက္ကသိုလ်များမှ ထုတ်ပေးထားသည့် ကျောင်းသားကတ်ကိုပါ တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ကြည်ဖြူစွာ စစ်ဆေးခံယူခြင်းနှင့် ကူညီပေးနိုင်ရေးသက်ဆိုင်ရာ နိုင်ငံသားများသို့ အသိပေးထားရှိပေးပါရန် အီဂျစ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အကြောင်းကြားလာသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
MT


