နေပြည်တော်   ဇွန်   ၁၄

 

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊  သမီးများအား ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊   ကျောင်းသား မိဘများနှင့်ကျောင်းသား ကျောင်း သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး  “ပညာရည် မြင့်မားရေးဆောင်ရွက်မှုမှသည်      နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”  မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ထို့နောက်   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးဆိုသည့် ပညာရေးဆိုင်ရာအမျိုးသားရေးမျှော်မှန်းချက်ကို ချမှတ်၍ ပညာရေးပြုပြင်ပြောင်းလဲမှုကို   ခေတ်နှင့်လျော်ညီစွာ စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊  နိုင်ငံသားတိုင်းအခြေခံပညာကို    ကောင်းစွာသင်ယူတတ်မြောက်ရန်၊   ကျောင်းသား ကျောင်းသူလူငယ်များ   ဘက်စုံထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ   ပညာရည်မြင့်မားရန်နှင့်  အရည် အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ဆိုသည့် တစ်မျိုးသားလုံးပညာ ရည်မြင့်မားရေး မျှော်မှန်းချက်များ အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း။

 

ပညာနှင့်ပတ်သက်၍ အတွေးအခေါ်၊ အယူအဆ လမ်းမှားမရောက်ရန် အရေးကြီးပါကြောင်း၊ “သန့်ရှင်းသည့်နား အကြားများသည်၊ ကြည်လင်သည့် မျက်စိအမြင်များသည်၊ စင်ကြယ်သည့်စိတ် အသိများသည်” ဆိုသည့် စကားရှိ သည့်အတွက် အမှန်ကိုကြား၊ အမှန်ကိုမြင်၊ အမှန်ကိုသိကြရန် အရေးကြီးလှပါကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် ဘဝတွင် တပည့်ကောင်းများဖြစ်ရန် ကြိုးစားရမည် ဖြစ်သကဲ့သို့  နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်ကြရမည့် သူများဖြစ်သည့်အတွက် ပညာပြည့်ဝရုံသာမက သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားဖြင့် နေထိုင်တတ်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည်  နိုင်ငံတော်၏ ဂုဏ်ကိုပါ ထွန်းလင်းစေအောင် ကြိုးစားကြစေလိုကြောင်း။

 

ဘဝအတွက် အခြေခံပညာသည် လှေကားတစ်ခုဖြစ်ကြောင်း၊ မိဘဆရာများက ထောက်ပံ့ရုံသာ ထောက်ပံ့ပေး မည်ဖြစ်ပြီး သားငယ်၊ သမီးငယ်တို့က ကိုယ်တိုင် ကြိုးစားအားထုတ်ကြရမည် ဖြစ်ကြောင်း၊ ‘ပညာရွှေအိုး လူမခိုး’ ဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့အရွယ်သည် စာကြိုးစားရမည့်အရွယ်   ဖြစ်သည့်အတွက် ကြိုးစားကြစေ လိုကြောင်း၊ စာသင်ရုံနှင့်မလုံလောက်ဘဲ   ဘာသာစကားကျွမ်းကျင်ရန်၊ ကွန်ပျူတာအခြေခံရရန်၊ အိုင်တီအခြေခံ ကျွမ်းကျင်ရန် အလယ်တန်းအဆင့်မှစပြီး အင်္ဂလိပ်စာလေ့လာရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်သည်  ပညာခေတ် ဖြစ်သည့်အတွက် သားငယ်သမီးငယ်များအနေဖြင့် အမှန်တကယ်ကြိုးစားလျှင် ကြိုးစားမှုနှင့်ထိုက်တန်သည့် အခွင့်အလမ်းများကို ရရှိခံစားရမည်ဖြစ်ကြောင်း၊ ပညာသင်ချိန်တွင် မိမိတို့ပညာသင်ကြားရေးကို ထိခိုက်စေမည့်   ကိစ္စရပ်များကိုရှောင်ရှားပြီး အနာဂတ်တွင် တိုင်းပြည်ကို အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင် ရည်မှန်းချက်ထား ကြိုးစားကြစေလိုကြောင်း။

 

ပညာရည်မြင့်မားရေး

နိုင်ငံတော်   ဝန်ကြီးချုပ်က လည်း  ပညာရေးကို  အထူးအလေးထားပါကြောင်း၊    ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အနိမ့်ဆုံးအဆင့်  KG+9  ပြီးမြောက်   အောင်မြင်စေရေး၊ လူတိုင်း အခြေခံပညာတတ်မြောက် ရေးအတွက် လမ်းညွှန်မှာကြားပြီး နိုင်ငံသားများ ပညာရည်မြင့်မားရေးအတွက် ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊     ပညာရည် မြင့်မားမှသာ  မိမိဘဝ တိုးတက်မည်ဆိုသည်ကို    ကျောင်းသား ကျောင်းသူများ သိရှိနားလည်ထား ရမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား   ကျောင်းသူ များအနေဖြင့်     နိုင်ငံတော်ကအားထားရသည့် သားကောင်း သမီးမွန်ရတနာများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြပါဟု တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင် နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်    ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်အောင်ပြည့်လင်း၊ လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ သည့် မောင်ကောင်းခန့်ကြွယ်နှင့် သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မစုလဲ့နိုင်တို့ကို   ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဂုဏ်ပြုဆုများချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီး၏ဇနီးက သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မချောအိထူး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မောင်အောင်ဖြိုးဝင်းနှင့် မောင်လပြည့်အောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက်  ဒုတိယဝန်ကြီး  က  နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သည့် မောင်ဝေယံပြည့်စုံ၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မနန့်သက်ဖူးခင်၊ မောင်ဇင်လင်းထက်၊ မောင်လမင်းထက်နှင့်  မချမ်းမြေ့သော်တာတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးနှင့်  စာရေးကိရိယာတို့ကို ဌာနအလိုက် ပေးအပ်ကြသည်။

 

ယင်းနောက် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့်  မောင်အောင်ပြည့်လင်းက တက္ကသိုလ်ဝင်တန်း    အောင်မြင်သည့် ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက ကျောင်းသီချင်းများ ပေါင်းစပ်တစ်ခန်းရပ် အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများက  ကျောင်းသား    ကျောင်းသူ များ၊ ကျောင်းသားမိဘများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။  

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများသည် ကျောင်းသား ကျောင်းသူများနှင့် အတူတကွ လက်ဖက်ရည် သုံးဆောင်ကြသည်။

 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုမှာ    မူလတန်း ၁၃၉၀၊ အလယ်တန်း ၅၆၄  ဦး၊ အထက်တန်း ၅၀၀၊ တက္ကသိုလ် ၃၉၃ ဦး  စုစုပေါင်းကျောင်းသား ကျောင်းသူ ၂၈၄၇ ဦးရှိကာ မူလ တန်း ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ငွေကျပ်ငါးထောင်နှင့် ဗလာစာအုပ် တစ်ဒါဇင်၊  အလယ်တန်းတစ်ဦးလျှင် ငွေကျပ်  ၇၅၀၀ နှင့်  ဗလာစာအုပ်တစ်ဒါဇင်၊ အထက်တန်းတစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှင့်  ဗလာစာအုပ် နှစ်ဒါဇင်၊ တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းခွဲနှင့် ဗလာစာအုပ် နှစ်ဒါဇင်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့မှု ငွေကျပ် ၅၀၃၈၀၀၀၀ ဖြစ်သည်။

 

၂၀၂၃-၂၀၂၄   ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌   ရိုးရိုး အောင်မြင်သူ ၃၆ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်   ရှစ်ဦး၊   နှစ်ဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် တစ်ဦးတို့ရှိခဲ့ပြီး ရိုးရိုး အောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊ ဂုဏ်ထူး တစ်ဘာသာလျှင်       ငွေကျပ် တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ခဲ့ရာ ကျောင်းသား ကျောင်းသူများအတွက်  စုစုပေါင်းထောက်ပံ့ ချီးမြှင့်ငွေကျပ် ၅၅၀၈၀၀၀၀ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်