ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် လှည်းကူးမြို့နယ် သမဝါယမကောလိပ်ဝင်းအတွင်း ဇွန် ၁၄ နံနက်ပိုင်းက ၂၀၂၄ ခုနှစ် (ဒုတိယ)အကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ တပ်မတော်အရာရှိကြီးများ၊ ဥပဒေချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ပါမောက္ခချုပ်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဝန်ထမ်းများ၊ သမဝါယမကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၂၆၄ ဦးဖြင့် ပျိုးသက် နှစ်နှစ် နှင့်အထက် အပင်အမြင့် နှစ်ပေ နှင့် အထက်ရှိသော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ခရေ၊ မာလာလူးကားနှင့် ပျဉ်းမ စုစုပေါင်း သစ်မျိုး ကိုးမျိုး၊ ပျိုးပင် ၆၂၇၃ ပင်ကို စုပေါင်းစိုက်ပျိုးကြသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လူထုဖြန့် ပျိုးပင်ပေါင်း ၄၅၀၀၀၀ ကို ၂၀၂၄ ခုနှစ် မိုးရာသီတွင် ဆက်လက်၍ ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
အာကာလင်း


