နေပြည်တော် ဇွန် ၁၅
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ် ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားသည်။
ယင်းနောက် ဝန်ကြီးဌာနများနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ပဏ္ဍိတထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယနေ့အထိ အလှူတော်ငွေ လက်ခံရရှိမှုအနေဖြင့် အလှူရှင် ၇၂ ဦးမှ ရွှေစင်ရွှေပြား အချပ် ၁၉၀ အတွက် အလှူတော်ငွေကျပ် ၅၀၁၃၈၆၀၀၀ ၊ ရွှေဆေးသင်္ကန်းတော်အတွက် ငွေကျပ် ၁၁၆၃၆၃၈၅၀ ၊ စုစုပေါင်းငွေကျပ် ၆၁၇၇၄၉၈၅၀ နှင့် အမေရိကန်ဒေါ်လာ ၁၀၀ ရရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


