ရန်ကုန် ဇွန် ၁၅
နိုင်ငံတော်မှ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈,၂၂၂ ဧကစိုက်ပျိုးရန် လျာထားပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် သုံးခွမြိုနယ်တွင် ၁၅၃,၆၆၇ ဧကဖြင့် အများဆုံဲးစိုက်ပျိုးလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး ဧက ၁၁၄၅,၀၀၀ လျာထားမှုအပေါ် ခရိုင်ပေါင်း ကိုး ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်၌ မိုးစပါး ၁၁၄၈,၂၂၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် မိုးစပါး ၁၁၄၈,၂၂၂ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိရာ တိုင်းဒေကြီးအတွင်း ဒုတိယဧကအများဆုံး မိုးစပါးစိုက်ပျိုးသော တိုက်ကြီးမြို့နယ်၌ ၁၂၇၈၉၃ ဧကနှင့် တတိယအများဆုံးစိုက်ပျိုးသော ခရမ်းမြို့နယ်၌ ၁၁၀,၆၉၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် စက်မှုကဏ္ဍသာမက စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုလည်း အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လာရာ တစ်နှစ်ထက်တစ်နှစ် စပါးစိုက်ပျိုးမှုကဏ္ဍ တိုးတက်လာလျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ပေါ်ဆန်း၊ ငစိန်၊ ငကျွဲ၊ ရွှေဝါထွန်း၊ ဆင်းသုခ၊ ရက် ၉၀၊ ရာကျော်၊ မှော်ဘီ-၃၊ မှော်ဘီ-၂၊ မီးဒုံး စသည့်မျိုးစပါးများကို စိုက်ပျိုးလျက်ရှိကာ ထိုမျိုးအုပ်စုတို့တွင် အထွက်ကောင်းမျိုး၊ အရည်အသွေးကောင်းမျိုးနှင့် ဒေသမျိုးဟူ၍ အုပ်စုသုံးခုအား ဒေသနှင့်လိုက်လျောညီထွေသော မြေအမျိုးအစားတို့တွင် စိုက်ပျိုးလျက်ရှိ၍ အများအားဖြင့် သက်တမ်းတို အထွက်ကောင်းမျိုးများကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သက်တမ်းတို အထွက်ကောင်းမျိုးစပါးများကို သီးထပ်စိုက်ပျိုးနိုင်ရန် ဒုတိယသီးနှံဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း (ပဲမျိုးစုံ)၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် နွေစပါးစိုက်ပျိုးခဲ့ကြသည့် ဧရိယာတို့တွင် အများဆုံးစိုက်ပျိုးကြခြင်း ဖြစ်သည်။ မိုးစပါးရာသီတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခရိုင်ငါးခရိုင်ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် ကုမ္ပဏီ ၃၀၊ သမအသင်း ခုနှစ်ခုနှင့် ဆန်စက်တစ်ခုတို့က ဧက ၉၁၀၅၆ ကို စိုက်ပျိုးဆောင်ရွက်ရန် အဆိုပြုတင်ပြထားရာ လယ်ယာသုံးစက်ကရိယာများကို အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ မျိုးစေ့ချကရိယာအလက် ၂၅၀၀ ကို စက်မှုလယ်ယာဦးစီးဌာနမှ မှာယူ၍ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစပါးလျာထားချက်အောင်မြင်ပြီး တိုးချဲ့စိုက်ပျိုးမှုနှစ်အလိုက် တိုးတက်လာစေရန်နှင့် တစ်ဧကထွက်နှုန်း တိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်‌ရေး၊ အပင်ပြုစုခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ အရည်အသွေးကောင်းမွန်ရေးနှင့် အစားအစာအန္တရာယ် ကင်းရှင်းရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် GAP စနစ် ဖြင့် စိုက်ပျိုးထုတ်လုပ်‌ရေးနည်းစနစ်များ၊ ဆွေးနွေးပွဲ၊ သင်တန်းများနှင့် သရုပ်ပြပွဲများကို သီးနှံစိုက်ပျိုးချိန်ကာလအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)