ရန်ကုန် ဇွန် ၁၅
ကိုရီးယားသမ္မတနိုင်ငံသို့ ရာသီချိန်လုပ် သားစေလွှတ်မည်ဟုဆိုကာ လိမ်လည်မှုဖြစ်စဉ်များရှိနေ၍ သတိထားကြရန် မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF ) မှတာဝန်ရှိသူကတိုက်တွန်းပြောကြား ထားသည်။
လက်ရှိကာလတွင် ကိုရီးယားနိုင်ငံသိုစေလွှတ်ရန် ကြိုးပမ်းနေဆဲအခြေအနေသာရှိနေသော်လည်း မြေပြင်တွင်ပွဲစားများမှ ရာသီချိန်လုပ်သားစေလွှတ်မည်ဆို၍ ငွေကြေးကောက်ခံနေမှုများ များစွာရှိနေကြောင်း ၄င်းကဆိုသည်။
"ရာသီချိန်လုပ်သားနဲ့ဆိုင်တဲ့ ကိုရီးယားကို လုပ်သားစေလွှတ်ဖို့က မဖွင့်သေးဘူး။ ကြိုးစားတုန်းပဲရှိသေးတာ။ ဒီဘက်မှာအေဂျင်စီတွေတရားဝင် စေလွှတ်နိုင်ဖို ကြိုးစားတုန်းပဲရှိသေးတာ။ ပွဲစားတွေက ကလေးတွေပိုက်ဆံလိမ်တာ၊ ကောက်တာတွေနဲ့ကတော့ အများကြီးဖြစ်နေပြီ။ အဲဒါမျိုးတွေကို ကလေးတွေအနေနဲ့ သတိတော့ထားရမယ်"ဟု ၄င်းကပြောကြားသည်။
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားအဖြစ်သွားရောက်လုပ်ကိုင်ရန် ပွဲစားများထံသိုငွေကြေးပေးသွင်းထားကြပြီး အချို့မှာ ချေးငှား၍ပေးသွင်းထားမှုများလည်းရှိနေကြောင်းလည်း သိရသည်။
လက်ရှိတွင် လိုင်စင်ရပြည်ပအလုပ်အကိုင်အကျိုး ဆောင်အေဂျင်စီ ၅၆၀ ကျော်ရှိပြီး ပြည်ပထွက်ခွာသူများအနေဖြင့် ပွဲစားများနှင့်ချိတ်ဆက်၍ သွားရောက်ရန်ဆောင်ရွက်မှုများရှိနေ၍ သေသေချာချာစုံစမ်းပြီး လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ကာ တိုက်ရိုက်သွားရန်သာအကြံပေးလိုကြောင်း ပြောကြားသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရ၏ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်သာ မြန်မာလုပ်သားများကိုစေလွှတ်လျက်ရှိကြောင်းသိရသည်။
MT


