နေပြည်တော် ဇွန် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့ အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆိတ်နှင့်သိုး မွေးမြူရေးလုပ်ငန်း

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာ-သာစည်လမ်းရှိ ဦးမြဟန် ဆိတ်နှင့်သိုး မွေးမြူရေးလုပ်ငန်း သို့ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမြဟန်က ဆိတ်နှင့်သိုးများမွေးမြူထားရှိမှု၊ ဒေသထွက်ကုန်များဖြစ်သည့် ဝါစေ့ခွံ၊ ဆီးခွံ၊ ပဲနောက်၊ ပဲတီစိမ်းဖတ်များ၊ မြေပဲရိုးများဖြင့် စပ်စာကျွေးမွေးလျက်ရှိမှု၊ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိမှုနှင့် လုပ်ငန်းလည်ပတ် နေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသတွင်းမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မိရိုးဖလာစနစ် အတိုင်းမွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းအဖြစ်သို့လည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူထုတ်လုပ်သူနှင့် ဝယ်ယူစားသုံးသူတို့၏အကြား၌ ကြားခံအဆင့်များ များနေပါက အသားငါး ဈေးနှုန်းများသည်လည်း ကြီးမြင့်နေမည်ဖြစ်သဖြင့် မွေးမြူထုတ်လုပ်သူနှင့် စားသုံးသူတိုက်ရိုက် စနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အကောင်လိုက် ရောင်းချခြင်းထက် အသားကို အဆင့်မီ ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ အေးခဲသားများ၊ အသားခြောက်များ ပြုလုပ်ရောင်းချနိုင်ရေးအတွက် အသားထုတ်လုပ်မှု စက်ရုံကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့်လည်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ထိုက်သင့်သည့် အမြတ်ရရှိရေး၊ စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးဖြစ် သင့်ဖြစ်ထိုက်သည့် အသားဈေးနှုန်းများကို သတ်မှတ် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းခွင် အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆူးဖြူခက်ကျေးရွာရှိ GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမောင်မြင့်က လုပ်ငန်းလည်ပတ်လျက်ရှိသည့် အခြေအနေများ၊ ဂျိတ်နီဆိတ်မျိုးနှင့် ထိန်စမ်းဆိတ်မျိုးတို့ကို မွေးမြူထားရှိမှုအခြေအနေများ၊ အစာကျွေးမွေးမှုစနစ်များနှင့် နေဗီယာမြက်စိုက်ခင်း ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသတွင်း ထွက်ရှိသည့်ကုန်ကြမ်းများကို အကျိုးရှိရှိ အသုံးပြု၍ ယခုကဲ့သို့ မွေးမြူရေးလုပ်ငန်းအောင်မြင် ဖြစ်ထွန်းမှုကို တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဆိတ်များအား အမျိုးအစားအလိုက်၊ အသက်အရွယ်အလိုက် အသားနူးညံ့မှုနှုန်းထားနှင့် အာဟာရပါဝင်မှု နှုန်းထားများကိုလည်း သုတေသနပြု ဆောင်ရွက်သင့်ကြောင်း၊ ပြည်ပနိုင်ငံများ၏ မွေးမြူမှုစနစ်များနှင့် အစာကျွေးမွေးမှု စနစ်များကိုလည်း အမြဲမပြတ်လေ့လာကြည့်ရှုရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးပြောကြားကာ GARDEN FAMILY ဆိတ်မွေးမြူ ရေးလုပ်ငန်းမှ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ကောင်းထက်စံ နို့စားနွားမွေးမြူရေးလုပ်ငန်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောမကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးခင်မောင်ဝင်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နို့စားနွားများ မွေးမြူထားရှိမှု၊ နွားသားပေါက်များ မွေးမြူထားရှိမှုနှင့် နေ့စဉ် နို့ထုတ်လုပ်ရရှိမှု အခြေအနေများ၊ ဝင်းဝင်း ‘တမ’ နို့ချက်စက်ရုံမှ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး နို့နှင့် နို့ထွက်ပစ္စည်းများအား ပြည်ပ နိုင်ငံများမှ တင်သွင်းနေရမှုအပေါ် ပြည်တွင်းထုတ် နို့နှင့် နို့ထွက်ပစ္စည်းများဖြင့် အစားထိုးနိုင်ရန် လိုအပ်သည့် အခြေအနေများနှင့် အခြားလိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားသည်။

Leader of Textile Public Co.,Ltd.

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာခရိုင် ဝမ်းတွင်း မြို့နယ်သို့‌ရောက်ရှိကြပြီး မြန်မာနိုင်ငံရှိ မိရိုးဖလာရက်ကန်းလုပ်ငန်းများကို ခေတ်မီတိုးတက်စေရန်၊ အရည်အသွေးပြည့်မီသော ချည်ထည်များ ထုတ်လုပ်၍ ပြည်တွင်း၌သာမက ပြည်ပသို့တင်ပို့နိုင်ရန် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ ရွှေတောင်၊ အမရပူရမြို့နယ်များမှ ရက်ကန်းလုပ်ငန်းရှင်များ စုပေါင်း၍ တည်ထောင်ထားသည့် Leader of Textile Public Co.,Ltd. သို့ ရောက်ရှိကြရာ ဒါရိုက်တာအဖွဲ့ဝင် ဦးလှဘူးနှင့် အင်ဂျင်နီယာ ဦးအောင်နိုင်ထွန်းတို့က လုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက် အခက်အခဲများကို လိုက်လံရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး အခက်အခဲများအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည်။

ကိန္နရီ ချည်ချောလုံချည် ထုတ်လုပ်ရေးလုပ်ငန်းစု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝမ်းတွင်းမြို့ရှိ ရွှေသဲတော ကုမ္ပဏီ၊ ကိန္နရီချည်ချောလုံချည် ထုတ်လုပ်ရေးလုပ်ငန်းစုသို့ရောက်ရှိကြရာ လုပ်ငန်းမှ ဦးမြတ်မိုးဝင်းနှင့် ဒေါ်သန်းသန်းအေးတို့က ချည်ငင်လုပ်ငန်းဆောင်ရွက်မှု၊ ရက်ကန်းခတ်လုပ်ငန်း ဆောင်ရွက်မှု၊ ဒေသတွင်း အလုပ်အကိုင်ဖော် ဆောင်ပေးနိုင်မှုနှင့် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်း တင်ပြကြပြီး ထုတ်လုပ်ထားသည့် ပုဆိုးများကို ခင်းကျင်းပြသသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းအထည်အလိပ် ထုတ်လုပ်ရေးလုပ်ငန်းများ၌ အချို့သောချည်များကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ ပြည်တွင်းထုတ် ချည်မျှင်များကို အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပြီး အသုံးပြုနိုင်ပါက ပိုမိုအကျိုးရှိ စေမည်ဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်များလည်း လျော့ကျလာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှထွက်ရှိသည့်ချည်များဖြင့် အထည်များထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းခွင်အခက်အခဲများအား မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်