တစ်ခေတ်တစ်ခါက သမဝါယမစီမံကိန်းများ

မြင့်စိုး(နတလ)

ဆောင်းပါးခေါင်းစဉ်နှင့် စပ်လျဉ်း၍ ထိုခေတ်ထိုကာလကို မမီလိုက်၍ လှမ်းမျှော်ကြည့်မိသောတစ်ချိန်က သမဝါယမသမိုင်းကြောင်းများ၊ လုပ်ငန်းကဏ္ဍများ၊ ငယ်စဉ်ကလေးဘဝမှစ၍ ဖြတ်သန်းခဲ့ဖူးသော သမဝါယမပုံရိပ်များ၊ မမျှော်လင့်ဘဲလက်တွေ့ကိုယ်တိုင် ပါဝင်ထမ်းဆောင်ခွင့်ရလာသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များအကြောင်းကို မိမိဉာဏ်မီသမျှ၊ တတ်စွမ်းသမျှ ရေးသားတင်ပြမည်ဟု ကြံရွယ်ချက်ဖြင့် ပထမဆုံးဆောင်းပါးကို တာလွှတ်လိုက်သောအခါ ပေးလိုက်မိသောခေါင်းစဉ်က “ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟုခေါ်ပါသည်” ဟူ၍ ဖြစ်သွားခဲ့ချေပြီတမုံ့။ နောက်ဆုံးမှရောက်လာမည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအကြောင်းကို ခေါင်းစဉ်တပ်ရခြင်းအကြောင်းရင်းက ကျွန်တော့်မှာ ခိုင်လုံစွာရှိနေပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန(နတလ)တည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဝန်ထမ်းဘဝကို နှုတ်ဆက်ခွဲခွာရချိန်၌ “နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ၂၈ နှစ်တာခရီး” စာအုပ်ကို ရေးသားပြုစု၍ အမှတ်တရထားရှိနိုင်ခဲ့ပါသည်။ ယခုလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော အချိန်ကာလတစ်ခုအတွက် အမှတ်တရစာအုပ်တစ်အုပ်ထားခဲ့ချင်ပါသည်။ ထိုသို့ ရေးသားထုတ်ဝေဖြစ်ခဲ့လျှင် ကျွန်တော်ပေးချင်သောခေါင်းစဉ်မှာ “ထို့ကြောင့် ဤအရာကို သမ/ ကျေးလက်ဟုခေါ်ပါသည်” ဟူ၍။

 

သို့သော် ထိုစကားလုံးများ၏ မူလပိုင်ရှင်သည် ဆရာအောင်လင်းဖြစ်ပါသည်။ သူ၏ဝတ္ထု “ထို့ကြောင့် ဤအရာကို အချစ်ဟုခေါ်သည်” ကို ရုပ်ရှင်ဇာတ်ကားကြီးလည်း ပြန်၍ရိုက်ခဲ့ဖူး၏။ ကျွန်တော်ငယ်စဉ်ကပင် နှစ်သက်သဘောကျခဲ့သော စကားစုများဖြစ်၍ မကြာခဏငှား၍သုံးဖူးပါသည်။ ယခုလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် ကျွန်တော်သုံးခဲ့မိပြန်ပါပြီ။ ခွင့်ပြုတော်မူကြပါကုန် ဆရာအောင်လင်း၏ မိသားစုများခင်ဗျား။

 

ဆိုးမွေ၊ ကောင်းမွေနှင့် ကျွန်တော့်ခံယူချက်

 

မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာန၊ မည်သည့်လုပ်ငန်းမှာမဆို အဆင့်ဆင့်တာဝန်လွှဲပြောင်းပေးရတာတွေ၊ ယူရတာတွေရှိခဲ့ပါသည်။ ကိုယ်တာဝန်ယူရတော့မှ အရာရာကို အကောင်းတွေချည်းလိုချင်လို့၊ ဖြစ်ချင်လို့မရနိုင်ပါ။ ကောင်းတာတွေလည်းရမည်၊ ဆိုးတာတွေလည်းပါလာနိုင်သည်။ ဤမည်သောဆိုးမွေ၊ ကောင်းမွေကိုဆက်ခံကြရမည်မှာ လောကနိယာမ မဟုတ်ခဲ့လျှင်တောင်မှ လိုက်နာကျင့်သုံးရမည့် လူ့ကျင့်ဝတ်တစ်ခုအဖြစ် ကျွန်တော်မှတ်ယူထားပါသည်။ သည့်အတွက် တပ်မတော်သားဘဝမှာရော နယ်ဘက်ဝန်ထမ်းဘဝမှာပါ ဤခံယူချက်အတိုင်းကျင့်သုံးခဲ့သည်။ သွားလေသူများကို အပြစ်ဖို့ခြင်း၊ အပြစ်တင်ခြင်းအလုပ်များကို ကျွန်တော်မလုပ်ခဲ့ပါ။ မိမိတို့လက်ထက်တွင် အကောင်းဆုံးဖြစ်နိုင်သမျှ ဖြစ်အောင်ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်သည်လိုပဲ ခံယူထားပါသည်။ သို့သော် သမိုင်းထဲက သင်ခန်းစာတွေကိုတော့ယူရမည်။ သူတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကိုလည်း သိမှတ်နားလည်ထားဖို့ လိုပါလိမ့်မည်။ သို့ဖြစ်လေရာ ကျွန်တော်ရေးမည့် အကြောင်းအရာများသည် သမဝါယမအကြောင်း အကောင်းတွေချည်းရေးလိမ့်မည်ဟု မမှတ်ယူစေလိုပါ။ ခေတ်အဆက်ဆက်ဖြတ်သန်းလာသူတို့၏ အတွေ့အကြုံ၊ အတွေးအခေါ်အယူအဆများကိုလည်း ရေးသားတင်ပြသွားမည်ဖြစ်သကဲ့သို့ သမဝါယမစနစ်ကျင့်သုံးခဲ့သော ခေတ်ကာလအပိုင်းအခြားအလိုက် အားသာချက်၊ အားနည်းချက်များကိုလည်း လေ့လာဖော်ပြသွားမည်ဖြစ်ပါသည်။ ထို့ပြင်တဝ အခြားသောနိုင်ငံများ၏ သမဝါယမစနစ်များ၊ အောင်မြင်နေသော သမဝါယမအသင်းများကိုလည်း အတုယူအားကျဖွယ်ရာအဖြစ်ရေးသား တင်ပြသွားပါမည်။

 

လူသိများထင်ရှားသော သမဝါယမစီမံကိန်းများ

 

၁၉၀၅-၁၉၀၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သော သမဝါယမအသင်းများသည် ၁၉၂၀-၁၉၂၁နှစ်များအထိ အားကောင်းမောင်းသန် ဖြစ်ပေါ်တိုးတက်များပြားလာကြောင်း တွေ့ရသည်။ သမဝါယမ ဝါကြိတ်စက်တွေ၊ ဆန်စက်တွေ အောင်မြင်ဖြစ်ထွန်းခဲ့သည်။ “နယ်သစ်ဖွင့် သမဝါယမအသင်းများ” အမည်ဖြင့် မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေများဖော်ထုတ်စိုက်ပျိုးခဲ့ကြသည်။ စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် မြန်မာ့ပို့ကုန်များ မြင့်တက်လာသည်။ ၁၉၁၆ မှ ၁၉၂၀ ပြည့်နှစ်အတွင်း သမဝါယမအသင်းပေါင်း ၃၃၁၉ သင်း၊ ခရိုင်အဆင့်သမဝါယမအသင်း ၁၈ သင်း၊ သမဝါယမဘဏ်ငါးခုတို့ ဖွဲ့စည်းနိုင်သည့်အပြင် မြို့မငွေစုငွေချေး သမဝါယမအသင်းများအား စုပေါင်းဖွဲ့စည်းထားသော “မြို့မဗဟိုဘဏ်”ကိုထူထောင်နိုင်ပြီး မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာများထဲမှ လှိုင်၊ ပု၊ ကျော် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးထွန်းအောင်ကျော်ကိုယ်တိုင် ဗဟိုဘဏ်ကို ကြီးကြပ်အုပ်ချုပ်ခဲ့ကြောင်း သိရသည်။ ၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းသော ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင်လည်း သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာကာ ၁၉၂၃ နှင့် ၁၉၂၅ ကာလအတွင်း သမဝါယမအသင်းများသည် အောင်မြင်မှုအမြင့်မားဆုံးအထိ ရောက်ရှိခဲ့ကြကြောင်း၊ ကိုလိုနီခေတ်မြန်မာနိုင်ငံ၏ သမဝါယမအသင်းအရေအတွက်နှင့် အသင်းသားဦးရေ အများဆုံးနှစ်သည် ၁၉၂၄ ခုနှစ်ဖြစ်ကြောင်း၊ ၁၉၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ရှိ စာရင်းဇယားများအရ အမျိုးမျိုးသော သမဝါယမအသင်း ၅၅၆၃ သင်း၊ အသင်းသားဦးရေ ၁၅၆၈၀၃ ဦးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

သို့သော် ၁၉၂၅ ခုနှစ်တွင် သမဝါယမအသင်းများ၏ လုပ်ငန်းအခြေအနေများ လျော့နည်းပြီး မတည် မငြိမ်ဖြစ်လာခဲ့သည်။ အကြောင်းရင်းကိုရှာကြသောအခါ သမဝါယမအသင်းသားများသည် သက်ဆိုင်ရာသမဝါယမအသင်းများသို့ ချေးငွေများပြန်မဆပ်ကြခြင်း၊ အသင်းသားများက ကြွေးဆပ်ရန်ပျက်ကွက်သဖြင့် အသင်းများအနေဖြင့်လည်း သက်ဆိုင်ရာဗဟိုဘဏ်များသို့ ပြန်လည်ပေးဆပ်ခြင်းမပြုနိုင်တော့ခြင်းများ ဖြစ်ပေါ်တွေ့ရှိလာရသည်။ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သောအသင်းများအား စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ရသည်။ ၁၉၁၂ ခုနှစ် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေဖြင့် အရေးယူနိုင်ရေးပြင်ဆင်ရန် ဆောင်ရွက်ခဲ့ရပြီး ၁၉၂၇ ခုနှစ် သမဝါယမအသင်းများဆိုင်ရာအက်ဥပဒေကို ထုတ်ပြန်ပေးခဲ့သည်။ ၁၉၁၄ နှင့် ၁၉၁၂ ဥပဒေများသည် အိန္ဒိယဗဟိုအစိုးရကထုတ်ပြန်ခြင်းဖြစ်ပြီး ၁၉၂၇ သမဝါယမအက်ဥပဒေကမူ မြန်မာပြည်ဥပဒေပြုကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်း

 

၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြင့် ကြုံရသည်။ မြန်မာနိုင်ငံပြည်သူများနှင့် တောင်သူလယ်သမား၊ အလုပ်သမားများ ပြင်းထန်စွာ ခံစားခဲ့ကြရသည်။ စပါးတစ်တောင်းငါးပဲ၊ ကုလားခေါင်းဓားဝဲအထိဖြစ်ခဲ့ရပြီး သာယာဝတီနယ်တွင် ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ယင်းကာလအခြေအနေများကို ကျော်လွှား နိုင်ရေးအတွက် ၁၉၃၅ ခုနှစ်တွင် မြေစာရင်းဌာနမှ ဦးတင်ကြီးအား သမဝါယမမင်းကြီးအဖြစ်ခေါ်ယူ ခန့်ထားတာဝန်ပေးခဲ့သည်။ ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်းပေါ်ပေါက်လာခဲ့သည်။ ငွေစုငွေချေး လုပ်ငန်းနှင့် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်းကို ခိုင်မာအောင်ပြုလုပ်ခဲ့သည်။ သီးနှံပေးကာလတို ချေးငွေ၊ ကာလရှည်ချေးငွေ၊ အငှားဝယ်စာချုပ် ချေးငွေသတ်မှတ်ချက်များပေါ်ပေါက်လာပြီး အစိုးရအရာရှိများကိုယ်တိုင် ကြပ်မတ်စိစစ်ထုတ်ချေးသောကြောင့် ချေးငွေလုံခြုံမှုစနစ် ပိုကောင်းလာခဲ့သည်။ သမဝါယမအသင်းသစ်များဖွဲ့စည်းခြင်း၊ အသင်းဟောင်းများ ပြုပြင်ခြင်းနည်းများကို ကျင့်သုံးခဲ့သည်။ ကျဆင်းနေသော သမဝါယမပုံရိပ်များကို ပြန်လည်ကောင်းမွန်လာစေခဲ့သည်။ ၉၁ ဌာန အုပ်ချုပ်ရေးကာလတွင် ဗာစီတီကွန်ကိုး (Varsity Con Co)ဟု သမိုင်းတွင်လာမည့် တက္ကသိုလ်သမဝါယမအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမှုဆောင်အဖွဲ့တွင် သခင်နုကပထမဥက္ကဋ္ဌ၊ ဦးကျော်ငြိမ်းက ဒုတိယဥက္ကဋ္ဌ၊ ဦးထွန်းအုန်က မန်နေဂျင်းစက္ကရီတေရီအဖြစ် တာဝန်ယူကြကြောင်း သိရသည်။

 

ဆိုရန်တိုဗီလာစီမံကိန်းနှင့် သမဝါယမ ငါးနှစ်စီမံကိန်း

 

ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကိုခံခဲ့ရပြီး ပြာဖြစ်ခဲ့ရသော မြန်မာပြည်အနေဖြင့် စီးပွားရေးအရ အမြန်ဆုံးပြန်လည်နာလန်ထူဖို့ရာ သမဝါယမစနစ်သည်သာ အသင့်တော်ဆုံးဖြစ်ကြောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အထူးယုံကြည်မှတ်ယူထားသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလတွင် ရန်ကုန်မြို့ ပြည်လမ်း (ဟံသာဝတီအဝိုင်း)အနီးရှိ ဆိုရန်တိုဗီလာအဆောက်အအုံတွင် ကျင်းပသော စီးပွားရေးပြန်လည်ထူထောင်မှု ကွန်ဖရင့်၌ Con - Cos Scheme (ခ) နှစ်တိုစီးပွားရေး စီမံကိန်းနှင့်သမဝါယမကိုအားပြုပြီး တိုင်းပြည်စီးပွားရေး ပြန်လည်ထူထောင်လာဖို့ ကြိုးပမ်းအားထုတ်ခဲ့သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးရပြီးသည့်အချိန်အထိ ကွန်ကိုးအသင်းပေါင်း ၇၀၀၀ ကျော်ဖြင့် စစ်ဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးခဲ့ကြသည်။ အဆိုပါ အောင်မြင်မှု၏ နောက်ဆက်တွဲရလဒ်အဖြစ် ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားသမဝါယမအစည်းအဝေးကြီးကို ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ကာ သမဝါယမငါးနှစ်စီမံကိန်းကို ရေးဆွဲအတည်ပြုခဲ့ကြသည်။ ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် သမဝါယမနှင့် ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး ဦးကျော်ငြိမ်းက ပထမဆုံးဝန်ကြီး ဖြစ်လာခဲ့သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော်သမဝါယမ သင်တန်းကျောင်းကိုဖွင့်လှစ်ပြီး သမဝါယမပညာရေးစနစ်ကို အားပေးမြှင့်တင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ၎င်းပြင် ၁၉၅၆ ခုနှစ် သမဝါယမအသင်းများ အက်ဥပဒေကိုပြဋ္ဌာန်းပြီး ယင်းဥပဒေအရ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း(လလသသ)များ ပေါ်ထွက်လာခဲ့သည်။ လလသသဆိုင်နာမည်သည် ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ရှိခဲ့သောအမည်ဖြစ်၏။ ယနေ့ထက်တိုင်မမေ့ခဲ့ပါ။

 

၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း

 

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာပြီးနောက် သမဝါယမသည် ဆိုရှယ်လစ်စီးပွားရေးစနစ်၏ ဒုတိယမဏ္ဍိုင်အဖြစ် ရပ်တည်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ၁၉၇၀ ပြည့်နှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေနှင့်အညီ သမဝါယမစီမံကိန်းအောင်မြင်ရေးသည် အဓိကဆိုသောကြွေးကြော်သံဖြင့် ရပ်တည်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း၏ ထူးခြားသော ဝိသေသလေးခုမှာ (က) မြန်မာနိုင်ငံတွင် ယခင်ခေတ်ဟောင်းက ပြုလုပ်ခဲ့သည့် သမဝါယမစီမံကိန်းများနှင့်မတူခြင်း၊ (ခ)ယခုစီမံကိန်းအရဖွဲ့စည်းမည့် သမဝါယမအသင်းများသည် ယခင်ခေတ်ဟောင်းကဖွဲ့စည်းခဲ့သည့် အသင်းများနှင့်မတူခြင်း၊ (ဂ)အရင်းရှင်နိုင်ငံများရှိ သမဝါယမအသင်းများနှင့်မတူခြင်း၊ (ဃ)ဆိုရှယ်လစ်နိုင်ငံများရှိ သမဝါယမအသင်းများနှင့်လည်း မတူခြင်းတို့ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသောလက္ခဏာရပ်များနှင့် သတ်မှတ်ပြဋ္ဌာန်းထားသော စီမံကိန်းသည်ပင်လျှင် သမဝါယမအသင်းများအကြား ကိုယ်ကျိုးရှာမှု၊ မသမာမှု၊ စည်းကမ်းဖောက်ဖျက်မှုများကြောင့် အားနည်းချက်များရှိခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသမဝါယမအသင်းများ၏ အားနည်းချက်များ

 

ဤအားနည်းချက်များသည်ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသော အခြေအနေများအပေါ်သုံးသပ်၍ သမဝါယမပညာရှင်များ၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူများက ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ယင်းအားနည်းချက်များ(သို့မဟုတ်) မြန်မာနိုင်ငံသမဝါယမအသင်းများ၏ ပျက်စီးရသော အကြောင်းရင်းများမှာ သမဝါယမအသင်းသားများအား ပညာပေးမှုကင်းမဲ့ခြင်း၊ သမဝါယမအသင်းများ ကို အလျင်စလို ဖွဲ့ခြင်း၊ ခိုင်မြဲခြင်းမရှိသည့်လုပ်ငန်းများတိုးချဲ့ခြင်း၊ သမဝါယမဌာနဆိုင်ရာအုပ်ချုပ်မှုလုပ်ငန်းများ နိုင်နိုင်နင်းနင်းမရှိခြင်း၊ချေးငွေပေးဆပ်နိုင်မှု ရှိ/ မရှိ လေ့လာသုံးသပ်မှုအားနည်းခြင်း၊ ငွေများထုတ်ချေးရာတွင် သတိကင်းမဲ့ခြင်း၊ အသင်းဝင်ဖြစ်ထိုက်သော အင်္ဂါရပ်နှင့် မပြည့်စုံသူ များအား အသင်းဝင်ခွင့်ပြုခြင်း၊ ငွေချေးထိုက်သည့် အင်္ဂါရပ်နှင့်မညီသူများအား ငွေချေးခြင်း၊ ပေးဆပ်ရန်ရှိသော ချေးငွေအတိုးအရင်း အားလုံးကို မှန်ကန်တိကျစွာ ပြန်လည်မပေးဆပ်ခြင်း၊ အသင်းသားများထံမှ ချေးငွေကြွေးများ တောင်းခံရာ၌ ထိထိရောက်ရောက် မဆောင်ရွက်ခြင်း၊ အကျိုးဆောင်လုပ်ငန်းများကို အားထားခြင်း၊ ကာလတိုပြန်ဆပ်ရမည့်ငွေများကို လက်ခံ၍ အသင်းသားများအား နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးခြင်း၊ သမဝါယမအသင်းသားများ၏ ဒေသဆိုင်ရာခေါင်းဆောင်မှုညံ့ဖျင်းခြင်း၊ အသင်းသားများ မရိုးဖြောင့်ခြင်းနှင့် သစ္စာမရှိခြင်း၊ သမဝါယမဌာနဆိုင်ရာ ဝန်ထမ်းများ ပြည့်စုံလုံလောက်စွာမရှိခြင်း၊ အစိုးရ၏ သမဝါယမမူဝါဒ ပြတ်သားမှုမရှိခြင်း၊ ဆရာစံအရေးတော်ပုံ ပေါ်ပေါက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ မတည်မငြိမ်ဖြစ်နေခဲ့ခြင်းတို့ဖြစ်ပါသည်။

 

သမဝါယမလောကသားများ၏ သုံးသပ်တွေ့ရှိ အကြံပြုချက်များ

 

သမဝါယမကို အကြောင်းပြု၍ ပုဂ္ဂလိကကိုယ်ကျိုးရှာမှုများသည် သမဝါယမအသင်းများအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်ကြောင်း၊ လူတိုင်းစီးပွားရေးကောင်းပြီး ကိုယ်ကျင့်တရားလည်း ကောင်းလာရမည်ဆိုသော မျှော်မှန်းချက်နှင့် တည်ဆောက်ခဲ့ကြသည့် ဆိုရှယ်လစ်စနစ်၏ ဒုတိယမဏ္ဍိုင်ခေတ်မှာလည်း အမှားများနှင့် မကင်းနိုင်ခဲ့ကြကြောင်း၊ စီမံခန့်ခွဲအုပ်ချုပ်မှု၌ အရည်အချင်းမပြည့်ဝခြင်းနှင့် လုံလောက်မှုကင်းမဲ့ခြင်းတို့သည်လည်း သမဝါယမစနစ်ကို ကျဆုံးစေသော အဓိကအကြောင်းရင်းများထဲက တစ်ခုဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းများအတွက် တာဝန်ပေးမည်ဆိုလျှင် လူကောင်းရုံဖြင့် မလုံလောက်သေး၊ အလုပ်တွင်လည်း တော်သည့်တတ်သည့် လူတော်များဖြစ်ရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းများပျက်စီးရသော အကြောင်းရင်းများထဲ၌ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသော အစည်းအဝေးများသည်လည်း ထိပ်ဆုံးကပါဝင်နေကြောင်း၊ အစည်းအဝေးတွင် တင်ပြသည့် အစီရင်ခံစာ၊ စာရင်းရှင်းတမ်းများသည် အချက်ကျကျရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားနှင့် တိကျသေချာသော ကိန်းဂဏန်းများဖြစ်ရန်လိုအပ်ကြောင်းကို တစ်ချိန်က သမဝါယမလောကတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်သွားခဲ့ကြသည့် သမဝါယမလောကသားများက သုံးသပ်အကြံပြုထားကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ။