ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇွန် ၁၄ ရက်  နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ဘားအံတက္ကသိုလ်ကျောင်းသူလေးများက  ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျောင်းသား ကျောင်းသူ   လူငယ်လူရွယ်များ   စာအုပ်စာပေဖတ်ရှုခြင်း၊   စာကြည့်တိုက်များသို့သွားရောက်၍ စာဖတ်သည့်  အလေ့အကျင့်ကောင်းများ ရှိနေမှသာ နောင်အသက်အရွယ်ရလာသည့်အချိန်တွင် စာဖတ်သည့်ဓလေ့များ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊  စာဖတ်သည့်   ဓလေ့စရိုက်ထွန်းကားပြီး စာကြည့်တိုက်များသို့သွားရောက်၍ စာပေဖတ်ရှုခြင်းမှသည် စာကြည့်တိုက် များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုလည်း ထွန်းကားပြီး စာဖတ်ရှိန်မြင့်မားခြင်းမှသည်   စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေမည် Video Clip အား အတူတကွကြည့်ရှုခဲ့ကြပြီး ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်   ဒေါက်တာ ထိပ်တင်ဟန်က စာဖတ်ခြင်းနှင့်ဘဝပညာ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာရေးဆရာ ဦးသန်းအောင် (မောင်လူဝိုင်း)က စာဖတ်ခြင်း အနုပညာခေါင်းစဉ်များဖြင့်  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောဆွေးနွေးပေးကြသူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့် ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့   တက်ရောက်လာသော  ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ   ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားသည်။

အခမ်းအနားအပြီးတွင်    ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်ကျင်းပြသ ထားသော သုတ၊ရသစာအုပ် စာစောင်များ၊ ဝင်းဝင်းစာပေ၊  ငွေတောင်စာပေနှင့် ဆန်းမိုးအောင် စာပေတို့မှ   ခင်းကျင်းပြသရောင်းချသော  စာအုပ်စာစောင်များကို  လှည့်လည်ကြည့်ရှု အားပေးကြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပညာရပ်စာအုပ်များနှင့် သုတ၊ ရသ စာအုပ်ပေါင်း ၂၉၈၉၈  အုပ်ရှိသော ဘားအံတက္ကသိုလ်စာကြည့် တိုက်သို့ သွားရောက်၍ ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းရေးသွင်းပြီး  စာအုပ်၊  စာစောင်များနှင့် စာဖတ်၊ စာငှားနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ  စာကြည့်တိုက်ကို   အသုံးပြုနေမှု အခြေအနေများ၊ ကွန်ပျူတာခန်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကာ   စာကြည့်တိုက်သို့ထောက်ပံ့ ငွေကျပ် သိန်း ၂၀ ကို ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအေးထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)