လွိုင်ကော် ဇွန် ၁၆
ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန် ၁၅ ရက်က ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ပြည်နယ်အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုများကြောင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နောက်ကျခဲ့ရကြောင်း၊ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါကြောင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ ဌာနများ၊ ပြည်သူများပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ကော်မတီများ အလိုက် အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဌာနအလိုက်ဝန်ထမ်းများ တာဝန် ထမ်းဆောင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ကြီးကြပ်၍ စီမံခန့်ခွဲနေမှု၊ ဌာနများအလိုက် လုပ်ငန်းဆောင် ရွက်ချက်များကို သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပြီး ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့်ကဏ္ဍအသီးသီးတွင် လုပ်ငန်းများ တိုးတက် အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)


