ပွင့်ဖြူ ဇွန် ၁၆
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၁၅၉၈၆ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဇွန်လအတွင်း မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၁၃၆၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှမ်းသီးနှံ ၁၃၃၉၅ ဧက ၊ မြေပဲသီးနှံ ၁၆၆၁ ဧက ၊ နေကြာသီးနှံ ၉၃၀ ဧက စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၅၉၈၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံ မြေပဲ ၊ နှမ်း ၊ နေကြာ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စုစုပေါင်း ဧက ၁၅၉၈၆ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပြီး ယခု ဇူလိုင်လအတွင်း ရွာသွန်းခဲ့တဲ့မိုးနဲ့ ဒေသခံတောင်သူတွေ စတင်စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်၊ ယနေ့အထိ ဆီထွက်သီးနှံ စိုက်ပျိုးပြီးစီးမှုအနေနဲ့ နှမ်း ၁၃၂၃ ဧက၊ မြေပဲ ၂၁ ဧက၊ နေကြာ ၁၇ ဧက စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၃၆၁ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်၊ သီးသန့်စိုက်ပျိုးမှု ၃၂၆ ဧက၊ အခြားသီးနှံများဖြင့် သီးညှပ်အဖြစ် စိုက်ပျိုးမှု ၅၉ ဧက စုစုပေါင်း ၃၈၅ ဧက စိုက်ပျိုးဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ပါတယ်၊ ဆီထွက်သီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတစ်ဦးချင်းအလိုက် အထွက်နှုန်းကောင်းမွန် စေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုပစ္စည်းများသုံးစွဲရာတွင် စနစ်တကျ သုံးစွဲတတ်စေရေးအတွက် နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက ဒေသခံတောင်သူတွေကို လိုအပ်တဲ့တောင်သူပညာပေး လုပ်ငန်း တွေ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးပါတယ်၊ ဒါ့အပြင် သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက်ကိုလည်း ဒေသခံ တောင်သူတွေနဲ့ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးစိုက်ပျိုးသည့် မြို့နယ်တစ်ခုဖြစ်ကာ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အဓိက အားထားစိုက်ပျိုးသည့်သီးနှံများမှာ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ ပဲကြီး ၊ ချည်မျှင်ရှည်ဝါ ၊ ဖူးစားပြောင်းနှင့် နှံစားပြောင်းတို့ဖြစ်ပြီး အချို့တောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ် သီးနှံဝင်ငွေရရှိသည့် စားဖိုဆောင်သီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပြန်/ဆက်)


