နေပြည်တော် ဇွန် ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီသည် ယနေ့တွင် မိတ္ထီလာ - ကျောက်ပန်းတောင်း - မကွေးကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ လမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး ယူကလစ်၊ ကုက္ကို တစ်အုပ်တစ်မ စိုက်ခင်း အပင် ၁,၀၀၀ စိုက်ပျိုးထားမှုနှင့် တမာ၊ ကုက္ကို၊ မယ်ဇလီ တစ်အုပ်တစ်မစိုက်ခင်း အပင် ၁,၅၀၀ စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ကားလမ်းဘေးဝဲ၊ ယာ စိမ်းလန်း စိုပြည်လာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူဖြစ်စေရန်၊ ဒေသခံနှင့်ခရီးသွား ပြည်သူများ အရိပ်ခိုနားနေနိုင်ရန်၊ သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်နှင့် သစ်ပင်သစ်တောများ ဖြစ်ထွန်းလာမှုကြောင့် ရာသီဥတု မျှတကောင်းမွန်စေရန်ရည်ရွယ်၍ ယခုကဲသို့ ကားလမ်းဘေး ဝဲ၊ ယာ သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အတူ အပူပိုင်းဒေသများတွင် တစ်ရွာ ၂ ဧက စိုက်ခင်းနှင့် ဘက်စုံသုံး စိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ အထူးစိမ်းစိုက်ခင်းနှင့် ရေဝေရေလဲဒေသ စိုက်ခင်းတည်ထောင်ခြင်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်အမြဲတမ်းပျိုးဥယာဉ်အတွင်း သစ်မျိုး ၂၂ မျိုးဖြင့် ပျိုးပင် ၉၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး သက်တမ်း ၂ နှစ်အထက် ၂ ပေအထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး၊ သစ်ပင်စိုက်ပွဲတော်များနှင့် လူထုဖြန့်ဝေ စိုက်ပျိုးရေးများအတွက် ပျိုးပင်များလုံလောက်စွာ ပံ့ပိုးပေးနိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းကို မိုးအမီစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ ချောက်-ဂွေးချို ကားလမ်းဘေး ဝဲ၊ ယာ ၂၀၂၄ ခုနှစ် မိုးရာသီ တမာ၊ ယူကလစ် တစ်အုပ်တစ်မစိုက်ခင်း အပင် ၁,၇၀၀ စိုက်ပျိုးထားမှု၊ ကားလမ်းဘေး ဝဲ၊ ယာ ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း (ဝက်ခေါင်းထိုးစနစ်-Zigzag) စိုက်ပျိုးထားမှု၊ ဂွေးချို-ရေနံချောင်း ကားလမ်းမဘေး ဝဲ၊ ယာ ၂၀၂၄ ခုနှစ် မိုးရာသီ ဖောက်ဆိပ်၊ တမာ၊ ယူကလစ် တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးထားမှု၊ လမ်းဘေး ဝဲ၊ ယာ ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း Zigzag စိုက်ပျိုးနေမှုနှင့် ရေနံချောင်းမြို့နယ်ရှိ မကွေး-ရေနံချောင်းကားလမ်းဘေး ဝဲ၊ ယာ တမာ၊ ယူကလစ် အပင် ၂၀၀၀ ကိုသုံးပင်တန်းဖြင့် စိုက်ပျိုးထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်ရှိ နတ်ကန်ဦး ကြိုးပြင်ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်း Greening Complex Zone ဧရိယာအတွင်း စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသော စိုက်ခင်းများ၊ ရေနံချောင်းမြို့နယ် ယင်းမချောင်း ကြိုးပြင်ကာကွယ်တောအတွင်းရှိ ၁/၂၀၂၄ ကျေးရွာ ထင်းစိုက်ခင်းဧက ၂၀၊ ၂၀၂၄ ခုနှစ် မိုးရာသီအထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း အပင် ၃၀၀၀၊ ယင်းမချောင်းကျေးရွာ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက စိုက်ခင်း၊ အုတ်လှကျေးရွာ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်း၊ မကွေးမြို့နယ်ရှိ မကွေး - ရေနံချောင်း ကားလမ်း ဝဲ၊ ယာ တမာ၊ ယူကလစ် အပင် ၁၅၀၀ ကို ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း Zigzag စိုက်ပျိုးထားမှုနှင့် မကွေး - ကံပြား ကားလမ်းဘေး တမာတစ်အုပ်တစ်မ စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း တစ်ရွာ ၂ ဧက စိုက်ခင်းတည်ထောင်ခြင်း အပင် ၂ သန်း၊ ကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်း အပင် ၂၆,၅၀၀ နှင့် ရေဝေရေလဲ၊ ကျေးရွာထင်းစိုက်ခင်း၊ အထူးစိမ်းစိုက်ခင်းနှင့် တောင်တန်းစိုက်ခင်းအတွက် အပင် ၅ သန်း၊ စုစုပေါင်း အပင် ၇ သန်းကျော် စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်