နေပြည်တော် ဇွန် ၁၆

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့နှင့် ယွိရှီမြို့တို့တွင် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၅) ကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံသီတင်းပတ် အခမ်းအနား (5th Lancang–Mekong Audiovisual Week) သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသ စံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိကြရာ ယူနန်ပြည်နယ် ရေဒီယိုနှင့် ရုပ်သံစီမံခန့်ခွဲရေး အဖွဲ့မှ တာဝန်ရှိသူများ က လာရောက်ကြိုဆိုကြသည်။

 အဆိုပါ (၅) ကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံ သီတင်းပတ် အခမ်းအနားကို လန်ချန်း - မဲခေါင် (၆) နိုင်ငံအကြား ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်သံ နှင့်အွန်လိုင်း ရုပ်သံမီဒီယာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ခြင်းများ ပိုမိုတိုးမြင့်လာစေရန်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား  ယဉ်ကျေးမှု ဆွေးနွေးပွဲများ တိုးမြင့်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် တရုတ်အမျိုးသား ရေဒီယိုနှင့် ရုပ်သံ စီမံခန့်ခွဲရေးအဖွဲ့၊ ဗီယက်နမ်နိုင်ငံ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ်ပြည်သူ့ အစိုးရတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်