ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများအနက် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်းပါဝင်ပါသည်။ ၎င်းအခန်းကကို သက်ဆိုင်ရာနိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပညာရှင်တို့က အလေးအနက်ပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြပါသည်။
ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၏ အဓိကမှာ အဖြစ်များသည့် ကျန်းမာရေးပြဿနာများနှင့် ၎င်းတို့ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် နည်းလမ်းများအကြောင်းကို သက်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့က ပညာပေးခြင်း လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။
တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်းမြှင့်တင်
အနောက်တိုင်းဆေးသိပ္ပံပညာရပ်ဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ် (၈) ရပ် ချမှတ်ထားရာ လူသားတို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆေးသိပ္ပံပညာရပ်ပေါ်တွင် လုံးလုံးလျားလျား မှီခိုအားထားခြင်းသာမက Alternative Medicine (ပေါင်းကူးဆေးပညာ) ကိုလည်း မှီခိုအားထားနေကြရပါသည်။ ၎င်းတို့ထဲမှ Alternative Medicine တွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် အသီးသီးရှိနေသော အတွေ့အကြုံအခြေခံသည့် တိုင်းရင်းဆေးပညာရပ်သည်လည်း ပဓာနကျသည့် အခန်းကမှ ပါဝင်လျက်ရှိပါသည်။ လူသားတို့သည် ခေတ်အဆက်ဆက်တွင် သက်ဆိုင်ရာ တိုင်းရင်းဆေးပညာရပ်များကို မပစ်ပယ်ရုံသာမက တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်းမြှင့်တင်လျက် ရှိကြပါသည်။
ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာ့တိုင်းရင်းဆေးပညာတွင် လမ်းညွှန်ပြသထားသည့် နည်းလမ်းမှာ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” တည်းဟူသော သမုဋ္ဌာန် (၄)ပါး ညီညွတ်မျှတ လိုက်လျောညီထွေစွာ နေထိုင်၊ ကျင့်ကြံ၊ ပြုမူ၊ စားသောက်ကြရေးသည် အရေးကြီး ကြောင်းကို ပညာပေးလမ်းညွှန်ထားပြီးဖြစ်ပါ သည်။ ယခုအခါ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်(၈)ရပ်ထဲတွင် အကျုံးဝင်သည့် အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ၎င်းတို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့်နည်းလမ်းများမှ မိုးဥတုတွင်ဖြစ်လေ့ရှိသော ရောဂါအချို့အား တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်းကို မကြာမီ မိုးဥတုသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် တိုင်းရင်းဆေးပညာရှုထောင့်မှ ရေးသားတင်ပြ လိုက်ပါသည်။
မိုးဥတု၏ ကာလအပိုင်းအခြားမှာ ဝါဆိုလပြည့် ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ လေးလတာဖြစ်ပါသည်။ မိုးဥတု၏ သဘာဝအရ မိုးများပုံမှန်ရွာသွန်းခြင်း၊ အအေးဓာတ်များ တဖြည်းဖြည်း လွှမ်းမိုးလာခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့်ရေလျှံခြင်း၊ သစ်ပင်၊ တော၊ တောင်တို့ စိမ်းလန်းစိုပြည်ခြင်း၊ သတ္တဝါတို့ အေးမြ ကြည်လင်၍ သာယာရွှင်လန်းခြင်း စသောလက္ခဏာများကို ပုံမှန်အားဖြင့် တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့ပြင် မိုးအလွန်ရွာလိုက်၊ နေပူလိုက် တစ်လှည့်စီဖြစ်၍ အပူ၊ အအေး အားပြိုင်တတ်ပါသည်။ အပူ၊ အအေး အားပြိုင်နေသည့်အချိန်တွင် ဥတုနှင့် လိုက်လျောညီထွေအောင်မနေဘဲ ဥတုနှင့် ဆန့်ကျင်ပြီး နေထိုင်စားသောက်ပါက ခန္ဓာကိုယ် အတွင်းဓာတ်များ ဖောက်ပြန်တတ်ပါသည်။
ဥတုဘောဇနသင်္ဂဟဆေးကျမ်းပါ တိုင်းရင်း ဆေးပညာအလိုအရ ဝါဆိုလနှင့် ဝါခေါင်လများတွင် ပြင်ပလေ အားကြီးသည့်အတွက် သည်းခြေဓာတ်ငုပ်ပြီး လေဓာတ်ပျက်တတ်ပါသည်။ မိုးဥတုသည် အလွန်ပူပြင်းသည့် နွေဥတုနှင့် အလွန်အေးမြသည့် ဆောင်းဥတုတို့၏အကြားတွင် ရှိနေခြင်းကြောင့် အပူနှင့် အအေး ရောထွေးပြီး ဖောက်ပြန်သည့်အတွက် ဝမ်းမီးအညံ့ဆုံး၊ ရောဂါအဖြစ်အများဆုံး ဥတုဖြစ်သည်ကို တွေ့ရှိရပါသည်။ အစာကိုခြေချက်ပေးသည့် ဝမ်းမီးနုံ့၍ အစာခြေချက်မှု အားနည်းခြင်းကြောင့် လေထိုးလေအောင့်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ သန်တုတ်ထခြင်းများအပြင် ရာသီအကူးအပြောင်းတွင် အဖြစ်များသည့် နှာစေးချောင်းဆိုးခြင်း၊ တုပ်ကွေး ဖျားခြင်းများ ဖြစ်တတ်ပါသည်။
လေထိုးလေအောင့်ဖြစ်ရခြင်း
မိုးဥတုတွင်ဖြစ်လေ့ရှိသော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ရာတွင် လေထိုး လေအောင့်ဖြစ်ရခြင်းမှာ အအေးမိခြင်း၊ မကြေကျက်သောအစာများစားသုံးခြင်း၊ အပူအစပ်များ လွန်စွာ စားသုံးခြင်းတို့ကြောင့် အဖြစ်များသည်။ နံဘေးရင်ဘတ်ထိုးအောင့်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း လက္ခဏာများကိုလည်း တွေ့ရလေ့ရှိပါသည်။ လေထိုးလေအောင့်သူများသည် ခြေဖျားအေးတတ်သဖြင့် တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ရာ၌ ခြေဖျားများပူအောင် အပူပေးခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ဆေးပူလိမ်းခြင်းနှင့် နံဘေးရင်ဘတ်ဝမ်းဗိုက်တို့ကို ရေနွေးအိတ်ကပ်ပေးခြင်း ပြုလုပ်ပေးနိုင်ပါသည်။ သာမန်လေထိုးလေအောင့်ဖြစ်ပါက ဆားခါးလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနွေးဖြင့်ဖျော်၍ အကြမ်းပန်းကန်တစ်လုံးစာ သောက်ပေးခြင်း၊ ကန့်ကလာကို သုံးခွက်တစ်ခွက်တင်ကျိုပြီး ဆား၊ ပျားရည်လက်ဖက်ရည်တစ်ဇွန်းစာထည့်၍ သောက်ပေးခြင်း၊ ကြေကျက်ခဲသောအစာ၊ ဆီကြော်စာများကို ရှောင်ကြဉ်၍ စွပ်ပြုတ်ရည်ကျဲကျဲ တစ်မျိုးမျိုးသောက်ပေးခြင်း၊ ပူနွေး၍ ကြေကျက်လွယ်သောအစာများ စားသောက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ ၎င်းအပြင် တိုင်းရင်းဆေးခန်း သုံးဆေးအမှတ် (၂၅) မတဲမြင့်မိုရ်ကုန်းဆေး၊ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ် (၂) လေမျိုး (၈၀) ဆေးတို့ကိုလည်း တိုင်းရင်းဆေး ပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါသည်။
အစာမကြေဖြစ်ရခြင်းမှာလည်း အစားလွန် ခြင်း၊ အစား စားချိန်မမှန်ခြင်း၊ မကြေညက်နိုင်သော အစားအစာများ စားသုံးခြင်းကြောင့် ဖြစ်တတ်ပါ သည်။ ရောဂါလက္ခဏာများအနေဖြင့် ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းများကို တွေ့ရတတ်ပါသည်။ ပူ၊ စပ်၊ ခါး၊ ငန် အရသာရှိသော အစားအစာများကို စားသောက်နိုင်ပါသည်။ ချင်း(ဂျင်း) သတ္တုရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရှောက်ရည်ဆတူ၊ ဆားအနည်းငယ်ထည့်ပြီး တစ်နေ့နှစ်ကြိမ် အစာစားပြီးတိုင်း သောက်နိုင်ပါသည်။ သံပရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ထန်းလျက်တစ်ခဲနှင့် ရောစပ်ပြီး ရေနွေးပူပူနှင့် သောက်ပေးခြင်း၊ အစာကြေဆေး၊ လျက်ဆား တစ်မျိုးမျိုး စားသုံးပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းဟင်းခါး ပူပူနွေးနွေးကို သောက်ပေးနိုင်ပါသည်။ ဆီကြော်စာများ၊ ကြေကျက်ခဲသောအစာများနှင့် အစာမာများကို ရှောင်ကြဉ်သင့်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ
မိုးဥတုတွင် ဖြစ်လေ့ရှိသော နောက်ရောဂါတစ်မျိုးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပါသည်။ မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်း၊ မသန့်ရှင်းသောသောက်ရေသုံးရေများ၊ ယင်နားစာများ စားသုံးခြင်းနှင့် မသန့်ရှင်းသောလက်များမှတစ်ဆင့် ရောဂါပိုးများကပ်ငြိပြီး ဖြစ်ပွားနိုင်ပါသည်။ အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေတတ်ပါသည်။ ရောဂါလက္ခဏာများမှာ ဝမ်းအရည်များ မကြာခဏသွားခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အိပ်မရ ခြင်း၊ နုံးချည့်ခြင်းများကို တွေ့ရနိုင်ပါသည်။ ဝမ်းအလွန်သွားပါက ခန္ဓာကိုယ်အတွင်း အရည်ခန်း ခြောက်ခြင်းဖြစ်စေနိုင်၍ အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပျားရည်ဖြင့် ရောစပ်၍ တစ်နေ့ သုံးကြိမ် သောက်နိုင်ပါသည်။ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၃၅) ဇာတိလဝင်္ဂ ဆေးနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၃၃) အစာကြေလေပုပ်ထုတ်ဆေးတို့ကို ဆတူရောစပ်၍ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့နှစ်ကြိမ် ရေနွေးဖြင့် သောက်ပေးနိုင်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနစ်ပါး ဆေးဝါလေးကို နှမ်းဆီဖြင့်ဖျော်၍ ဝမ်းဗိုက်ကိုလိမ်းပေးနိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ကြက်သားစွပ်ပြုတ်သောက်ပေးခြင်း၊ အုန်းစိမ်းရည် သောက်ပေးခြင်းများ ပြုလုပ်ပေးပါ။ လိုအပ်ပါက ဓာတ်ဆားရည်သောက်ပေးနိုင်ပါသည်။ လတ်ဆတ်သောထမင်းရည်တွင် ဆားအနည်းငယ်ထည့်၍ သောက်ပေးခြင်း၊ ငှက်ပျောသီးဖီးကြမ်းကိုပြုတ်၍ဖြစ်စေ၊ မီးကင်၍ဖြစ်စေစားပေးခြင်း၊ ကြက်သားကိုကြော်၍ ပါးပါးလှီးပြီး ကြက်သွန်ဖြူများများ၊ ရှောက်၊ သံပရာတို့ဖြင့် သုပ်စားခြင်း၊ ထမင်းမီးဖုတ်ကို ရေနှင့်ဖျော်၍ အရည်သောက်ပေးခြင်း ပြုလုပ်ပေးနိုင် ပါသည်။ သတိပြုရန်အနေဖြင့် ဝမ်းပျက်ဝမ်းလျှော ခြင်းသည် ဆန်ဆေးရည်ကဲ့သို့သော ဝမ်းသွားခြင်း၊ ဝမ်းတွင်သွေးများပါလာခြင်း၊ ဖျားခြင်း၊ ကိုယ်အပူချိန် တက်လာခြင်းနှင့် အန်ခြင်း စသောလက္ခဏာများပါ ပူးတွဲခံစားလာရပါက ဝမ်းလျှောလူနာအား နီးစပ်ရာ ဆေးရုံသို့ လွှဲပြောင်းကုသစေရမည် ဖြစ်ပါသည်။
ဝမ်းကိုက်ခြင်း
ယင်းအပြင် မိုးဥတုတွင် ဖြစ်လေ့ရှိသည့်ရောဂါတစ်ခုမှာ ဝမ်းကိုက်ခြင်းဖြစ်ပါသည်။ ဝမ်းဗိုက်ရစ်ရစ်နာ၍ အချွဲပါသောဝမ်း (တစ်ခါတစ်ရံဝမ်းအရည်) များ မကြာခဏသွားခြင်းဖြစ်သည်။ ယင်နားစာ၊ မသန့်ရှင်းသော အစားအစာနှင့် ရေများ စားသောက်ခြင်းမှ ဖြစ်ပွားစေပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ဗိုက်နာခြင်း၊ အစား အသောက်ပျက်ခြင်း၊ ဝမ်းဗိုက်တင်းခြင်း၊ အားအင် ကုန်ခန်းခြင်း၊ အိပ်မပျော်ခြင်း၊ တစ်ခါတစ်ရံ ဝမ်းသွားရာတွင် အချွဲသာမက သွေးပါတတ်ခြင်းများ တွေ့ရှိနိုင်ပါသည်။ တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေးခြင်းတွင် ဗိုက်ရစ်ပြီးဝမ်းကိုက်ပါက ဖန်ခါးအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို တစ်နေ့နှစ်ကြိမ် ရေနွေးပူပူနှင့်တိုက်ပါ။
ဝမ်းကိုက်ခြင်းဖြစ်လာပါက ကြက်သားပြုတ်ကြော် စားခြင်း၊ ထားဝယ်မှိုင်းရွက်၊ သင်္ဘောရွက်နုနု၊ ရှားစောင်း သိင်္ဂနိက်အရွက် (kiss me quick)၊ ကျွဲကျောင်းမင်စေးအရွက်၊ ဘောစကိုင်း (အဝေရာ) အရွက်နုတို့ကို ရေနွေးဖျော၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ကြက်သွန်ဖြူ၊ နှမ်းလှော်တို့ဖြင့် သုတ်၍စားသုံးနိုင်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၂) လေမျိုး (၈၀) ဆေးနှင့် တိုင်းရင်းဆေးခန်းသုံးဆေး အမှတ် (၈) သွေးဒူလာဆေးတို့ကို တိုင်းရင်းဆေးပညာရှင်များ၏ အညွှန်းအတိုင်းသောက်နိုင်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၃၅) ဇာတိလဝင်္ဂဆေးနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၃၃) အစာကြေ လေပုပ်ထုတ်ဆေးတို့ကို ဆတူရောစပ်၍ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့ နှစ်ကြိမ် ရေနွေးဖြင့် သောက်ပေးနိုင်ပါသည်။ အစားအသောက်ကို အဆာပြေရုံသာစားပါ။ ဆီကြော်စာများရှောင်ပါ။ ဝမ်းကိုက်ရောဂါမဖြစ်ပွားစေရန် မသန့်ရှင်းသော၊ မလတ်ဆတ်သော၊ အမှည့်လွန်သော၊ ရေဖြင့် စင်ကြယ်စွာ မဆေးထားသော ဟင်းသီးဟင်းရွက်၊ သားငါးများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ဒိန်ချဉ်ခဲနှင့် အဆီထုတ်ထားသော နွားနို့သောက်ခြင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်သောက်ခြင်း ပြုလုပ်ပါ။ မိုးဥတုတွင်ပေါ်သော ရာသီပေါ်ဥသျှစ်သီးကို မကြာခဏကျွေးပေးပါ။ ယင်လုံအိမ်သာသုံးစွဲခြင်း၊ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးခြင်း၊ အစားအစာများ မကိုင်တွယ်မီနှင့် အစာမစားမီ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စင်ကြယ်စွာ ဆေးခြင်း၊ အစားအစာများ ယင်မနားစေရန် အဖုံး အုပ်ထားခြင်းများ ပြုလုပ်ရမည်။
မိုးဥတုတွင် အများအားဖြင့် ဖြစ်လေ့ရှိသော သန်တုတ်ထခြင်းမှာ မသန့်ရှင်းသောအစားအစာ၊ အမှည့်လွန်စာ၊ ယင်နားစာများ စားခြင်းကြောင့်ဖြစ်သည်။ လက္ခဏာများမှာ ခံတွင်းအနံ့နံခြင်း၊ ဗိုက်ပူ၍ ချက်စူထွက်ခြင်း၊ စအိုဝတွင်ယားယံခြင်း၊ ခြေလက်တို့ အေးစက်ခြင်း၊ မျက်သားဖြူညိုခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းနှင့်အတူ သန်ပါခြင်းလက္ခဏာများ တွေ့ရပါသည်။ သန်ကောင်၊ တုတ်ကောင်ရှိနေပါက သန်ချဆေးကို အသက်အရွယ်အလိုက် သောက်သုံးသင့်ပါသည်။ သန်ရှိပြီး ကိုယ်သားကိုယ်ရေပူနေပါက တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနစ်ပါးဆေးဝါလေး ရွေးကြီးတစ်ရွေးခန့်ကို သနပ်ခါးရေကျဲကျဲ (သို့) အုန်းဆီနှင့်ဖြစ်စေ ရောစပ်၍ လည်မျို၊ ရင်ဝနှင့် ဝမ်းဗိုက်များကို လိမ်းပေးနိုင်ပါသည်။ ၎င်းအပြင် နာနတ်သီး ၁၅ ကျပ်သားခန့် တစ်နေ့တစ်ကြိမ် သုံးရက်စားပေးခြင်း၊ ပေါက်ပွင့်ကိုသုပ်စားခြင်း၊ ဘောစကိုင်းခေါ် အဝေရာရွက်အနုကို သုပ်စားခြင်း၊ တို့စရာအဖြစ်ပြုလုပ်၍ စားသောက်ခြင်း ပြုလုပ်ပေးနိုင်ပါသည်။ ညစ်ပေသောလက်ဖြင့် အစာစားခြင်း၊ လက်မဆေးဘဲအစာစားခြင်း၊ မသန့်ရှင်းသောအစာ၊ ယင်နားစာများစားခြင်း၊ အဖုံးအအုပ်မပါသော အစာများ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ကြေညက်လွယ်သောအစာများ ကျွေးပါ။ ဟင်းသီး ဟင်းရွက်များကို ရေစင်အောင်ဆေးပြီးမှစားပါ။ အသားငါးများကို ကောင်းစွာကျက်အောင် ချက်စားပါ။ သန်ကောင်၊ တုတ်ကောင်ရောဂါများ မဖြစ်ပွား စေရန်အတွက် အစားအစာများ မကိုင်တွယ်မီ၊ အစာ မစားမီ၊ အစာစားပြီးနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ စင်ကြယ်စွာဆေးပါ။
နှာစေးချောင်းဆိုး
မိုးဥတုတွင် မိုးမိခြင်းနှင့် အအေးမိခြင်းကြောင့် ရာသီဥတုအပြောင်းအလဲတွင် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများဖြစ်သည့် နှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းများလည်း ဖြစ်တတ်ပါသည်။ နှာစေးချောင်းဆိုးပါက ချောင်းဆိုးသက်သာစေသည့် ဆေးဖြစ်သော ကွမ်းရွက်သတ္တုရည်၊ ကစော့ပုပ်ရွက်သတ္တုရည်ကို ဆားအနည်းငယ်ထည့်၍ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ တစ်နေ့သုံးကြိမ် တိုက်ပေးနိုင်ပါသည်။ လည်ချောင်းနာခြင်းဖြစ်ပါက ချင်းစိမ်းသတ္တုရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်းနှင့် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောစပ်၍ တစ်နေ့သုံးကြိမ်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ အတွက် ကွမ်းရွက်နှင့် ချင်း ဆတူရောစပ်၍ ပြုတ်ရည် လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေးနိုင်ပါသည်။ နှာပိတ်ပါက နှာပွင့်စေ သည့် ရှိန်းခိုကို အုန်းဆီဖြင့်ဖျော်၍ နှာဝနှင့် ငယ်ထိပ် တို့ကို အုပ်လိမ်းပေးနိုင်ပါသည်။ ရှူဆေးတစ်မျိုးမျိုးကိုလည်း ရှူပေးနိုင်ပါသည်။ ချဉ်သောအစာများ၊ ဖျော်ရည်အေးအေးနှင့် ဆီကြော်များရှောင်ပါ။ ဒိန်ချဉ်ခဲ၊ ငှက်ပျောသီး၊ လိမ္မော်သီးများ ရှောင်ရမည်။ အစာကြေပြီး အပွင့်ဓာတ်ရစေရန် အစားအစာများထဲတွင် ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းများကို များများထည့် စားပေးသင့် ပါသည်။ ရေနွေးများများသောက်ပါ။ မိုးမမိစေရန်၊ အအေးမမိစေရန် ဂရုပြုနေထိုင်ပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နေထိုင်ရန် လိုအပ်ပါသည်။
ရာသီတုပ်ကွေးဖျားနာခြင်း
အထူးသဖြင့် ဥတုသန္တိလို့ခေါ်တဲ့ ဥတုရာသီ အဆက်အစပ် အကူးအပြာင်းကာလတွင် ရာသီ တုပ်ကွေးဖျားနာများ ဖြစ်တတ်ကြပါသည်။ ထိုကဲ့သို့ ရာသီတုပ်ကွေး ဖျားနာခြင်းများဖြစ်လာလျှင် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနက စနစ်တကျသုတေသနပြုလုပ်၍ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားပြီးသော မန္တလေးတိုင်းရင်း ဆေးဝါးစက်ရုံထုတ် ဝိသမအဖျားပျောက်ဆေးကို အသုံးပြုနိုင်ပါသည်။ ဝိသမ အဖျားပျောက်ဆေးတွင် ဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ချင်း(ဂျင်း) တို့ ပါဝင်ပါသည်။ ဝိသမ အဖျားပျောက်ဆေး၏ သုတေသနရလဒ်များအရ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုး ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်နှင့် ကြွက်သားများကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများ သိသိသာသာ သက်သာပျောက်ကင်းကြောင်း တွေ့ရပါသည်။ ဝိသမအဖျားပျောက်ဆေးကို အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပြီး တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကုဌာနများသို့ ဌာနသုံးဆေးအဖြစ် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အကယ်၍ မိမိတို့တွင် ရာသီတုပ်ကွေးလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာတိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများတွင် သွားရောက်ပြသ၍ ဝိသမအဖျားပျောက်ဆေးကို အခမဲ့ရယူနိုင်ပါသည်။
အထက်တွင် ရေးသားဖော်ပြခဲ့ခြင်းများသည် မိုးဥတု၌ဖြစ်လေ့ရှိသော ရောဂါအချို့အတွက် တိုင်းရင်းဆေး ပညာအရ စောင့်ရှောက်ခြင်းကို တင်ပြခဲ့ခြင်းဖြစ်ပါသည်။ မိုးဥတုကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဆက်လက်ဖော်ပြပါမည်။ မိုးဥတုတွင် မိမိ၏ ရုပ်သဘော ဓာတ်ခံကိုကြည့်ပြီး ကံ၊ စိတ်၊ ဥတု၊ အာဟာရ အလိုအရ လိုက်လျောညီထွေစွာ ပြုမူနေထိုင်စားသောက်ရပါမည်။ ရှေးသမားတော်များ၏ ဥတုအလိုအရ နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်း ဆယ့်တစ်ရေချိုးစနစ် ဆိုသည့်အတိုင်း မိုးဥတုတွင် အများအားဖြင့် နံနက် ၁၀ နာရီတွင် ရေချိုးလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။ ရှေးသမားတော်များ၏ နွေချို၊ မိုးခါး၊ ဆောင်းချဉ် တိုင်းရင်းဆေးနည်းစဉ် ဆိုသည့်အတိုင်း မိုးဥတုတွင် အခါးအရသာကို ကျန်းမာ နေသူများအဖို့ စားသုံးပေးရန် သင့်တော်ပါသည်။
ကြေကျက်လွယ်သော အစာအာဟာရများကို စားသောက်သင့်
ဥတုဘောဇနသင်္ဂဟဆေးကျမ်း အလိုအရ မိုးဥတုတွင် ချွေးအောင်းခြင်း၊ အနှိပ်အနင်းခံခြင်း၊ ကရမက်၊ ကတိုး၊ ကုံကုမံ အမွှေးနံ့သာများကို လိမ်းကျံသင့်သည်ဟု ဆိုထားပါသည်။ ကြေကျက် လွယ်သော အစာအာဟာရများကို စားသောက်သင့် ပြီး ကုန်းတွင်ကျက်စားသည့် အသား၊ ငါးများသာစား သင့်ပါသည်။ မိုးဥတုတွင် ကြစုသီး၊ သိန္ဓောတို့ကဲ့သို့ ဆေးများစားသင့်သည်ဟု ဆိုထားပါသည်။ အထူး သဖြင့် ကလေးငယ်များ၏ အရွယ်နှင့်လိုက်ပြီး အသား၊ ငါးများကို မျှတစွာကျွေးပါ။ အသီးအရွက် များများကျွေးပါ။ အစာမကြေစေသော အစာမာမာများ မကျွေးရပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုဂရုစိုက်ပါ။ အထူးသတိပြုရန်မှာ မိုးဥတုတွင် ရာသီပေါ်အသီးအနှံများလည်း ပေါ်ပေါက်သည့်အတွက် အမှည့်လွန်သောသစ်သီးများ၊ ယင်နားစာများ၊ ဝမ်းနူးစာများ၊ မသန့်ရှင်း မလတ်ဆတ်သောအစားအစာ၊ မသန့်ရှင်းသော သောက်သုံးရေများကို ရှောင်ကြဉ်သင့်ပါသည်။
နွေဥတု၏ အလွန်ပြင်းထန်လှသည့် အပူဒဏ်ကြောင့် မိုးကိုမျှော်လင့်တောင့်တခဲ့ကြရာ မိုးဥတုသို့ ကူးပြောင်းချိန်တွင် သတိပြုသင့်သည့် မိုးဥတု၌ ဖြစ်လေ့ရှိသော ရောဂါအချို့အတွက် တိုင်းရင်းဆေး ပညာအရ စောင့်ရှောက်နိုင်ကြစေရန် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးသည့် လုပ်ငန်းများအနက် တိုင်းရင်းဆေးဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု အခန်းကကို အလေးအနက်ပြု၍ “မိုးဥတုချိန်ခါ ရောက်ရှိလာ တိုင်းရင်း ဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ” အကြောင်းကို ရေးသားဖော်ပြလိုက်ပါသည်။