နေပြည်တော်၊ ဇွန် ၁၇
ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံအစီအစဉ်သီတင်းပတ် အခမ်းအနား (5th Lancang– Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Radio and TV Station ရှိ Studio – 1 ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဝန်ကြီး ယန်းကော်ရိန် (H.E Mr . Yang Guorui )၊ ယူနန်ပြည်နယ် ကော်မတီ CPC အဖွဲ့ဝင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ကျိန်းယန် (H.E Mrs . Zeng Yan )၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး ယန်းယန်း (H.E Mrs. Yang Yang )၊ လန်ချန်း - မဲခေါင်နိုင်ငံများ ဖြစ်ကြသော တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့အပြင် တောင်အာရှနိုင်ငံများမှ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် သီရိင်္လကာနိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များမှာ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် ယုံကြည်မှု၊ သာတူညီမျှရှိမှု စတဲ့မူတွေအပေါ်အခြေခံပြီး တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မီဒီယာဗဟုဝါဒ (MediaPluralism)ရရှိရန်အတွက် မီဒီယာဆိုင်ရာ ဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ရုပ်သံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားကြောင်း၊ နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများ၏ ရုပ်သံလွှင့်ဌာနများဖြစ်သည့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံ ရေးဌာန (PRD)၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA) နှင့် China Media Group (CMG)၊ ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန (GXRTV)၊ ဗီယက်နမ်နိုင်ငံ Voice of Vietnam(VOV) တို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး ဝန်ထမ်းများ အပြန်အလှန်စေလွှတ်ခြင်း၊ အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်ခြင်း၊ ရုပ်သံဇာတ်လမ်းတွဲများ ပြသဆောင်ရွက်နေပါကြောင်း၊ မဲခေါင်ဒေသတွင်းရှိ နိုင်ငံများဟာ မဲခေါင်မြစ်ကို မှီတည်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သည့် မိသားစုနိုင်ငံများဖြစ်သည့် အားလျော်စွာ အချင်းချင်း အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ နားလည် ပေးနိုင်မှုများနှင့် အနာဂတ်ကာလများစွာအထိ ချစ်ကြည်ရင်းနှီးစွာနှင့် အတူတကွပူးပေါင်း ဆောင်ရွက်မှုများနှင့်အတူ ပိုမိုခိုင်မြဲမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် လန်ချန်း-မဲခေါင်နိုင်ငံများနှင့် တောင်အာရှ နိုင်ငံများမှ အကြီးအကဲများက 5th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ လန်ချန်း-မဲခေါင်ဒေသ၏ ထူးခြားပြောင်မြောက်သော ရိုးရာအကအလှများ၊ သီဆို ကပြမှုများနှင့် ရုပ်သံအစီအစဉ်ပြကွက်များတွဲဖက်၍ လည်းကောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှ၊ တောင်အာရှဒေသများမှ ရိုးသားချစ်ခင်ဖွယ် လူနေမှုဘဝပုံစံများနှင့် ဒေသ ထုတ်ကုန်များအကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြမှုနှင့်အတူ ဖျော်ဖြေတင်ဆက်ကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(၅)ကြိမ်မြောက် လန်ချန်း- မဲခေါင် ရုပ်သံ သီတင်းပတ်အခမ်းအနားကို အဖွဲ့ဝင် ခြောက်နိုင်ငံ အကြား ရုပ်သံနှင့် အွန်လိုင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ တိုးမြှင့်လာစေရန်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် အရှေ့တောင် အာရှနှင့် တောင်အာရှနိုင်ငံများ ဆက်သွယ်မှုတွင် အချက်အခြာဖြစ်စေရန်၊ BRI ပူးပေါင်းတည်ဆောက်ရေး အောင်မြင်မှုများ ပြသနိုင်ရန်တို့အတွက် တရုတ် နိုင်ငံအမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားအစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း၊ ယွိရှီနှင့်အခြားမြို့ကြီးများတွင် ဆက်စပ်ပြီး စီစဉ်ကျင်းပမည်ဖြစ်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား WANDA REALM ဟိုတယ်တွင် နေ့လယ်စာဖြင့်ဧည့်ခံပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။
သတင်းစဉ်


