ဒီးမော့ဆို ၁ မတ်
ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စက်ဝန်းအတွင်း စီမံကိန်းထောက်ပံ့ငွေ ၁၉ သန်း၊ ကျေးရွာလူထုထည့်ဝင်ငွေ ၁၅၄၃၄၀ဝ ကျပ်ပေါင်း ၂၀၅၄၃၄၀ဝ ကျပ်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁၈၆၀ ပေရှိသည့် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင် ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ ကျောက်ချောလမ်းနှင့် ကွန်ကရစ်ရေပြွန်တံတား (၁၀)စင်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ဇီးဖြူကုန်းကျေးရွာတွင်း ကျောက်ချောလမ်းဖွင့်ပွဲမုခ်ဦး၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဇီးဖြူကုန်း ကျေးရွာ လူထုဗဟိုပြုစီမံကိန်း စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ ဦးဂျေဇရယ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာများ အပြန်အလှန်ပေးအပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် စံပြ (၆)မိုင်အုပ်စု လူထုဗဟိုပြုစီမံကိန်း အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဒေါ်လူစီးထားတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျောက်ချော လမ်းသစ် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါလမ်းနှင့် ကွန်ကရစ်ရေပြွန်တံတား ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၍ ကျေးရွာနေ ပြည်သူများမှာ စီးပွားရေး ကုန်ထုတ်လုပ်ရာမှာ လွယ်ကူအဆင်ပြေစေမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများတွင်လည်း အဆင်ပြေစေမည် ဖြစ်ကြောင်း ဇီးဖြူကုန်းကျေးရွာ လူထုဗဟိုပြုစီမံကိန်း စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဂျေဇရယ် ပြောကြားချက်အရ သိရသည်။
ယင်းအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ ဒီးမော့ဆိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ကိုစိုင်း (လွိုင်ကော်)


