ဇွန် ၁၉
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဘတ်ကန်ပြည်နယ်တွင် ယမန်နေ့မနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားသဖြင့် လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
အဆိုပါမြေပြိုမှုသည် ပတ်နမ်ခရိုင် တောင်စောင်းပေါ်ရှိ နေအိမ်တွင် မိသားစုဝင်ငါးဦး အိပ်ပျော်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမြေပြိုမှုကြောင့် ၎င်းတို့၏နေအိမ်နစ်မြုပ်သွားခဲ့ကြောင်း၊ မိသားစုဝင်ငါးဦးအနက် တစ်လသားအရွယ်ကလေးငယ်တစ်ဦး အပါအဝင် လေးဦး နစ်မြုပ်ခဲ့ပြီး တစ်ဦးမှာထိုမြေပြိုမှုမှလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းဒေသတွင် ဇွန်လ ၁၇ ရက်နေ့ည ၈နာရီမှ ၁၈ ရက်နေ့ မနက် ၆ နာရီ ၃၀ မိနစ် အထိ မိုးရွာသွန်းမှုဖြစ်ပွားခဲ့ရာ မိုးရေချိန် ၉၀ မီလီမီတာ ရှိသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီလမှမေလအထိ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုကြောင့် ၃၉ ဦးထက်မနည်းသေဆုံး၊ ပျောက်ဆုံးမှုများရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို