ဇွန် ၁၉
တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၁၃ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
Guangdong ပြည်နယ် Meizhou ဒေသတွင် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁၇ ရက်နေ့အထိ ငါးဦးသေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြထားသည်။
ဒေသများတွင် ရွှံ့ရေများဖုံးလွှမ်းနေပြီး လမ်းများပြိုကျပုံကို ရုပ်သံထုတ်လွှင့်ဖော်ပြထားသည်။ အဆိုပါပုံတွင် လူအများက လှေဖြင့် ကယ်ဆယ်နေကြပုံကိုလည်း ပြသထားသည်။
အနီးနားရှိ ဖူဂျီအန်ပြည်နယ်တွင်လည်း မြေပြိုမှုများဖြစ်ပွားခဲ့သည်။ ဇွန်လ ၁၈ ရက်နေ့အထိ ရှစ်ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိသည်ဟု သိရသည်။
ဒေသတွင်းအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ပျက်စီးသွားသော လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် အခြားအဆောက်အအုံများအပါအဝင် အခြေခံအဆောက်အအုံများ ပြုပြင်ခြင်းကိုလုပ်ဆောင်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို