နေပြည်တော် ဇွန် ၂၀
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး (၂၀၂၄)ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှ ဗဟိုကောင်စီဝင်များ၊ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက Online စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က အစည်းအဝေးကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေနှင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ပုံမှန်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကို ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားပြည်သူများ၏လူမှုရေး၊ စီးပွားရေးတန်းတူပြိုင်တူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထောက်ပံ့ရေးအပိုင်းတွင် ပုံမှန်ထောက်ပံ့မှုများအပြင် ၂၀၂၃ -၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် ၈၀ နှစ်ပြည့်နှင့်အထက်အဖွဲ့ဝင် ၄၈၂၃ ဦးကို တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း၊ အသက် ၉၀ နှစ်နှင့်အထက်အဖွဲ့ဝင် ၄၁၈ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်း ၊ အသက် ၁၀၀ နှစ်နှင့်အထက်အဖွဲ့ဝင် ၁၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် တိုးမြှင့်ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဗဟိုကောင်စီဝင်များက မိမိတို့၏ဆောင်ရွက်ချက်များ၊ ဆွေးနွေး တင်ပြလိုသည့်အချက်များ၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းသုံးသပ်တင်ပြပေးရန် မှာကြားခဲ့သည်။
ထို့နောက်၂၀၂၃-၂၀၂၄ ခုနှစ်ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့အစီရင်ခံစာ အနှစ်ချုပ်နှင့်မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်ရုံးဖွဲ့စည်းပုံပြင် ဆင်ခြင်းများကို ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ လုပ်ငန်း အဖွဲ့များ အလိုက်တင်ပြချက်သုံးသပ်ချက်များကို လုပ်ငန်းအဖွဲ့အတွင်းရေးမှူးများက လည်းကောင်း ရှင်းလင်းတင်ပြပြီး ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ရသုံးမှန်းချေငွေစာရင်းကို တင်ပြအတည်ပြုခြင်း ဆောင်ရွက်သည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများက ၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများအား On Line စနစ်ဖြင့်ဖတ်ကြားတင်ပြခဲ့ရာ ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာ သူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ တွင်လစ်လပ်တာဝန်နေရာများကို အစားထိုးခန့်အပ်ခြင်း၊ ဗဟိုအမှု ဆောင်အဖွဲ့ အစီရင်ခံစာ၊ ဗဟိုဌာနချုပ်ရုံးဖွဲ့စည်းပုံနှင့် ဘဏ္ဍာရေးအစီရင်ခံစာ များအား အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်