နေပြည်တော် ဇွန် ၂၀

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း (၂၆၀၀) ကျော်ဖြင့်ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၁၀၀၀)ကျော်ဖြင့် ကောက်ယူရန်လျာ ထားကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက် ယူနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ခု ဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည် ဖြစ်သည့်အတွက်  ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကို ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် ထိထိရောက်ရောက်အသုံးပြု ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကိုပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက လက်ခံရယူပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ခင်းကျင်းပြသထားသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများကို ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြိတ်မြို့ ဘုရားငါးဆူစာသင်တိုက် ဓမ္မာရုံ၌ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် (၅)ဦးကော်မတီ၏ စိစစ်ချက်အရ အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လည်းကောင်း၊ နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား ရုံးချုပ်e-ID Server ရှိအချက်အလက်များကို Online စနစ်ဖြင့်တိုက်ဆိုင်စိစစ်၍ e-ID စနစ်ဖြင့် ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု့ပြီး တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်