မန္တလေး ၁ မတ်
တရားဝင်ငွေကြေးဝန်ဆောင်မှုကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် အတွက် ငွေတိုးချေးစားသူများ ဥပဒေကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်၍ ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကပြောသည်။
အတိုးနှုန်းမြင့်မားစွာ ရယူသော ငွေတိုးချေးစားသူများ၏ အန္တရာယ်မှ ပြည်သူများကိုကာကွယ်ရန်၊ တရားဝင်ငွေကြေးဝန်ဆောင်မှုကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်၊ သင့်တင့်သော အတိုးနှုန်းများရှိသည့် ချေးငွေများဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ တရားမဝင် ငွေတိုးချစားသူများကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရန်၊ ငွေတိုးချစားသူနှင့် ငွေချေးယူသူများ၏ ရပိုင်ခွင့်နှင့် တာဝန်များသတ်မှတ်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ငွေတိုးချေးစားသူများဥပဒေကို ခေတ်နှင့် လျော်ညီစွာ ပြုပြင်၍ ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
"ဥပဒေပေါ်ပေါက်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကပ်မှုဖြင့် ဆောင်ရွက်လျှက်ရှိပါတယ်။ နောက်လာမယ့်လွှတ်တော် အစည်းအဝေးမှာ ငွေတိုးချေးစားသူများ ဥပဒေကိုတင်သွင်းပါမယ် '' ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကပြောသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (၅၈) ခု ရှိပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေနှင့်အညီ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းများမှ အဖွဲ့ဝင်များသို့ ငွေထုတ်ချေးရာတွင် အသင်းသားများ ကြွေးဝန်မပိစေရန်လည်းကောင်း၊ အသင်းသားများအား တာဝန်ယူ တာဝန်ခံမှုရှိသော ငွေကြေးဝန်ဆောင်မှုများဖြင့် ဆောင်ရွလျက်ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်