နေပြည်တော် ဇွန် ၂၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းလောင်းတမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း၍ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စီမံကိန်းလုပ်ငန်းများ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပေါင်းလောင်းတမံ ရေပိုလွှဲတွင် အလျား (၁၄၀ ဒသမ ၅) မီတာ၊ (၁ ဒသမ ၅) မီတာအမြင့် ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအားဖြင့် မူလကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ (၅ ဒသမ ၄၉) သိန်းမှ ဧကပေ (၅ ဒသမ ၇၀) သိန်း အထိ ရေလှောင်ပမာဏ ဧကပေ (၂၁၀၀၀) ခန့် ပိုမိုသိုလှောင်ပြီး မူလနှစ်စဉ်လျှပ်စစ်ထုတ်လုပ်မှုယူနစ် (၉၁၁) သန်းမှ ယူနစ် (၉၁၉) သန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ယူနစ် (၈) သန်း ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်၌ စီမံကိန်းလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်