နေပြည်တော်၊ ဇွန်  ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ "လှ" ချည်မျှင်စက်ရုံ သွားရောက် ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် ဝါမျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသော ဝါများ ဈေးကွက်သေချာစွာရရှိရေးနှင့် စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းများရရှိရေး ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံမှ ထွက်ရှိသောချည်များ ပြည်တွင်း၌သာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် PEP  နို့ထွက်ပစ္စည်း စက်ရုံကိုလည်းကောင်း၊ သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သန်လျင်မြို့နယ်၊ ရုံးသပြေကန - ပြည်တော်သာ ကျေးရွာအဝင်လမ်း အရှည် ၂၃၀၀ ပေ ကွန်ကရစ်လမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ကျေးရွာနေပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီဖြစ်၍ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိမ်းသိမ်းကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ် ပါဒကြီးကျေးရွာအုပ်စု၊ ပါဒကြီးကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက  သမဝါယမအသင်းများဖွဲ့စည်းရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စိုက်ပျိုးနိုင်သည့် မြေများပေါ်တွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ် (၃) သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမည် ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကျောက်တန်းမြို့နယ် သီလဝါ (စက်မှုဇုန်) ရှိ Xin Fa (Myanmar) Textile  ကုမ္ပဏီ၏ အထည်အလိပ်စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းမှ ဝါကုန်းကြမ်းများ ရယူပြီး ထွက်ရှိလာသော ချည်ကုန်ချောများကို ပြည်တွင်း၌ ပြန်လည်ဖြန့်ဖြူးနိုင်ပါက ပြည်ပမှချည်တင်သွင်းမှု လျှော့ချနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်တွင်း၌ ချည်ချောများ ပိုမိုထုတ်လုပ်ဖြန့် ဖြူးနိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားရန် မှာကြားသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိ၍ တက္ကသိုလ်ပိုင် မြေနှစ်ဧကပေါ်တွင် Myanmar V.S.R Group ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်ရန်လျာထားသည့် အိန္ဒိယစားသောက်ဆိုင်၊ မီးဖိုချောင်သုံးနှင့် လူသုံးကုန်ပစ္စည်းဆိုင်များ၊ Mini Mart၊ ဖူဆယ်အားကစားကွင်း၊ Food Court နှင့် အများပြည်သူ အပန်းဖြေနေရာများ ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်