နေပြည်တော်၊ ဇွန် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့နယ်  မြကန်သာရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ဦးငြိမ်းချမ်းဦး၏ ဉစားကြက် မွေးမြူရေးခြံ၌ ကြက်ကောင်ရေ ၁၈၀၀၀ မွေးမြူထားရှိမှုနှင့် ကြက်ဉများ ဖြန့်ဖြူးပေးနေမှု၊ ကြက်ချေးကို သဘာဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း မြကျွန်း ရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် အဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့စိုက်ပျိုးရေးဒီပလိုမာဘွဲ့လက်မှတ် အပ်နှင်းခြင်းခံရသည့် မောင်မယ်များအနေဖြင့် မိမိတို့ကျွမ်းကျင် တတ်မြောက်ထားသည့် ပညာရပ်များကို တောင်သူလယ်သမားများ၏ လူနေမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးထိပ်ထား၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က တန်းစဉ်ပေါင်း အမှတ်အများဆုံးဆုရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသန ဗဟိုဌာန၏ ရေ၊ မြေ၊ ဒေသနှင့် သင့်တော်သည့် အထွက်နှုန်း ကောင်းမွန်သော မိုးကောင်းသောက် လယ်စပါးမျိုးများ၊ ဆည်ရေသောက် စပါးမျိုးများ၊ အရည်အသွေး ကောင်းစပါးမျိုးများ၊ ရေမြုပ်ခံ စပါးမျိုးများနှင့် ဆားငန်ခံစပါးမျိုးများ မွေးမြူရွေးချယ် ထုတ်လုပ်နေမှု ၊ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများ၊  ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၊ စားဖိုဆောင်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံများအတွက် မျိုးနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်နေမှု၊ မျိုးစပါးများစမ်းသပ် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး သုတေသီများနှင့် တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့အတူ မွေးမြူရေးသုတေနဦးစီးဌာန၊ ချောင်းသာ၊ မွေးမြူရေးသုတေသနစခန်း၏ ဒေသနှင့်ကိုက်ညီသည့် ရေငန်ငါး၊ ပုစွန်များ မွေးမြူသုတေသနပြုခြင်း၊ တိုင်းရင်း ရေငန်ငါး၊ ပုစွန်မျိုးစိတ်များအား မျိုးထိန်းသိမ်းရန်နှင့် အမြောက်အမြား မွေးမြူထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မျိုးငါး၊ ပုစွန်များအား အရည်အသွေးပြည့်မီစေရေး မွေးမြူထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သုတေသနနှင့် ဖွံ့ဖြိုးရေး တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံများစိုက်ပျိုးလျာထားဧက ပြည့်မီရေးနှင့် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်