ယခုရက်ပိုင်းတွင် ဆန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊   ဆန်စပါးကုန်စည်ဒိုင်များ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်း များဖြင့် စနစ်တကျရောင်းချပေးနေသည်ကို တွေ့ရသည်။

ပြင်ပတွင် ပေါ်ဆန်းမွှေးကဲ့သို့ ဆန်ကောင်းတစ်ပြည်လျှင် ကျပ်တစ်သောင်း ဝန်းကျင်၊ ဧည့်မထကဲ့သို့ အနိမ့်ဆုံးဆန်တစ်ပြည်လျှင် ကျပ်ငါးထောင်ဝန်းကျင်ဖြစ်လာသဖြင့် အဆိုပါဆန်စပါးနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့များက ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် ကျပ်ငါးထောင်နှင့် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ်သုံးထောင်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းဆန်တစ်အိတ်နှင့် ဧည့်မထ ဆန်တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူဖြင့် ဝယ်ယူနိုင်ရေး စီစဉ်ပေးထားသည်။

အဆိုပါအစီအစဉ်သည် စားသုံးသူပြည်သူများ လတ်တလောအဆင်ပြေစေရေးအတွက် အရေးပေါ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရေရှည်တွင်နိုင်ငံတစ်ဝန်းရှိ အခြေခံစားသုံးသူပြည်သူများ ဆန်ဈေးနှုန်းကို တည်ငြိမ်စွာဖြင့် အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၃၇ ရာခိုင်နှုန်းမှာ ဝင်ငွေနည်းပါးသူများဖြစ်သည်။ ဆန်ဈေးနှုန်း ခဏတစ်ဖြုတ်တက်လိုက်သည်နှင့် အိမ်ထောင်စု၏ ဝင်ငွေလျော့ကျသွားသကဲ့သို့ဖြစ်ပြီး အိမ်ထောင်စုများ နေ့စဉ်လိုအပ်သည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေလိုအပ်ချက်များအပေါ် ဂယက်ရိုက်သွားစေသည်။

အထူးသဖြင့် ဆန်ဈေးနှုန်းတက်လာတိုင်း  ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ  အခြေခံလူတန်းစားများအပေါ် တိုက်ရိုက်ရိုက်ခတ်မှုဖြစ်စေသဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်၊ ပွဲစားများနှင့် လက်လီ/လက်ကားရောင်းချသူများက နည်းလမ်းရှာဖွေ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆန်ဈေးနှုန်း အတက်အကျသည် စိုက်ပျိုးရေးဈေးကွက်တွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ဆန်ဈေးနှုန်း မြင့်တက်ခြင်းသည် အခြေခံစပါးဈေးနှုန်းမြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာမှုကြောင့် ထိုစရိတ်များကိုကာမိစေရန် ဆန်တစ်အိတ်ချင်းစီကို ဈေးတင်လိုက်သောကြောင့်ဖြစ်သည်။

စပါးစိုက်ပျိုးထုတ်လုပ်မှု ရာသီအလိုက်ဖြစ်ပေါ်လာသော အခြေအနေများနှင့် ကမ္ဘာ့ဆန်ဈေးကွက် မတည်ငြိမ်သော အခြေအနေများကြောင့် ဆန်ဈေးနှုန်းမှာ အပြောင်းအလဲရှိသည်ကို လက်ခံရမည်ဖြစ်သည်။ သို့သော်ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားထက် ဈေးနှုန်းအဆမတန်မြင့်မားလာမှုကို အဖြေရှာ ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်သည်။ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီသည် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရန် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

ဆန်ဈေးနှုန်းတက်ခြင်း၏ အခြေခံအချက်ဖြစ်သည့် စပါးဈေးနှုန်းတက်စေသည့် သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားခအပါအဝင် အထွေထွေကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်စရိတ် မြင့်မားခြင်းတို့ အပေါ်တွင် အဖြေရှာရမည်ဖြစ်သည်။ ဖြန့်ဖြူးရောင်းချရာတွင် အမြတ်အစွန်းရရှိရေးကိုသာ ဦးစားမပေးဘဲ စားသုံးသူ ပြည်သူများ၏ လိုအပ်ချက်အဆင်ပြေစေရေး ဖြည့်ဆည်းပေးရေးကို သင့်တင့်မျှတအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိအရောင်းအဝယ်ဈေးကွက်များတွင် ပြည်ပသွင်းကုန်များမှာ ဒေါ်လာ ငွေကြေးတန်ဖိုးအလိုက် အချိန်နှင့်တစ်ပြေးညီ လိုက်ပါမြှင့်တင်နေပြီး ပြည်တွင်းထုတ်ကုန်များမှာလည်း အတူလိုက်ပါမြင့်တက်လာသည်။

ကုန်ပစ္စည်းဈေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်မားလာမှုများနှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကား ကုန်သည်ပွဲစား လောကအနေဖြင့် ဈေးနှုန်းတက်သမျှ အတူလိုက်ပါ ရောင်းဝယ်ဖောက်ကားနေကြသဖြင့် အကျိုးအမြတ် မလျော့နည်း ထိခိုက်မှုမရှိဘဲ အခြေအနေပေးလျှင် အကျိုးအမြတ် ထိထိရောက်ရောက်ရရှိနိုင်သော်လည်း ဝင်ငွေနည်းပါးသော အခြေခံပြည်သူများ၊ ပုံမှန်လစာရရှိနေသော ဝန်ထမ်းများအပေါ်တွင် ကြီးမားစွာ ထိခိုက်မှုရှိနိုင်သဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသလို သွင်းအားစုအခြေအနေများအပေါ် သက်ရောက်မှုများကိုလည်း ထိန်းညှိဆောင်ရွက် ပေးရန်လိုသည်။

သို့ဖြစ်ရာ ကုန်စည်ဈေးနှုန်းများ အတက်အကျ အပြောင်းအလဲများဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သော အပြောင်းအလဲများဖြစ်ပေါ်နိုင်အောင် လိုအပ်သောဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ကုန်ပစ္စည်းတစ်ခုချင်းအလိုက် တိကျသော စံချိန်စံညွှန်း ထိန်းညှိသည့်စနစ်များ ဖန်တီးဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူပြည်သူများအပေါ် ကြီးမားသောရိုက်ခတ်မှုမဖြစ်စေရေးအတွက် သင့်တင့်မျှတစွာ ဆောင်ရွက် ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ