မော်စကို ဇွန် ၂၄
မြောက်ကိုရီးယားသို့ ပြီးခဲ့သည့်သီတင်းပတ်အတွင်း မိမိသွားရောက်ခဲ့သည့်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို မျှော်မှန်းထားသည်ထက် သာလွန်ပြည့်စုံသည့်အဆင့်သို့ တိုးတက်စေခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်ဟု အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
မိမိ၏ ခရီးစဉ်အတွင်း ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း နှုတ်ခွန်းဆက်စကားကို သမ္မတပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ပေးပို့ခဲ့သည်ဟု ရုရှားသမ္မတရုံးက ပြောကြားသည်။ ရုရှားသမ္မတပူတင်သည် ဇွန် ၁၉ ရက်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်အား တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် နှစ်ဖက်ခေါင်းဆောင်များအကြား စက်မက်ဖြစ်ပွားပါက နှစ်နိုင်ငံအပြန်အလှန် စစ်ရေး အကူအညီပေးရန်အတွက် ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မိမိ၏ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို မျှော်မှန်းထားသည်ထက် သာလွန်ပြည့်စုံသည့်အဆင့်သို့ တိုးတက်စေခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးဆောင်ရွက်မှုများကို မြောက်ကိုရီးယားနိုင်ငံ နှင့် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းနှင့် ကင်သည် ရုရှားနိုင်ငံအတွက် အရင်းနှီးဆုံးဧည့်သည်အဖြစ် အမြဲရှိ နေကြောင်း သမ္မတပူတင်က ၎င်း၏ နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ