စင်ကာပူ၊ ဇွန် ၂၄
စင်ကာပူနိုင်ငံ စန်တိုဆာ အပန်းဖြေကျွန်းရှိ တန်ဂျွန်းနှင့် ပလာဝမ် ကမ်းခြေတို့တွင် ဖြစ်ပွားခဲ့သည့် လောင်စာဆီဖိတ်စဉ်မှုများကို သန့်ရှင်းရန် အချိန်သုံးလကြာမြင့်မည်ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ဂရေ့စ်ဖူးက ယနေ့ ပြောကြားသည်။
ဇွန် ၁၄ ရက်တွင် နယ်သာလန်နိုင်ငံ အလံလွှင့်ထူထားသည့် ဆယ်ယူရေးသင်္ဘောနှင့် စင်ကာပူနိုင်ငံ အလံလွှင့်ထူထားသည့် လောင်စာဆီဖြည့်သင်္ဘောတို့ တိုက်မိခဲ့ရာမှ စင်ကာပူနိုင်ငံ တောင်ပိုင်း စန်တိုဆာကျွန်း အပါအဝင် ကမ်းရိုးတန်းဒေသများတွင် လောင်စာဆီဖိတ်စဉ်မှု ဖြစ်ပွားခဲ့သည်။
ယင်းလောင်စာဆီ ဖိတ်စဉ်မှုကို ရှင်းလင်းဆောင်ရွက်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အမှုထမ်း ၇၀၀ ကျော်အား တာဝန်ပေးအပ်ခဲ့ကြောင်းနှင့် အခင်းဖြစ်ကမ်းခြေမှ သဲနှင့် စွန့်ပစ်ပစ္စည်းများကို လေ့လာရန် စုဆောင်းရယူခဲ့ကြောင်း စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။
ယင်းလောင်စာဆီ ဖိတ်စဉ်မှုတွင် ထပ်မံဆောင်ရွက်မည့် လုပ်ငန်းမှာ ကျောက်ကြိုကျောက်ကြားကဲ့သို့သော သန့်ရှင်းရေးဆောင်ရွက်ရန် ခက်ခဲသည့်နေရာများတွင် ဖိတ်စဉ်ခဲ့သည့် လောင်စာဆီများကို ရှင်းလင်းဖယ်ရှားရေးဖြစ်ကြောင်းနှင့် ယင်းလောင်စာဆီ ဖိတ်စဉ်မှုကြောင့် ရေရှည်တွင် ဇီဝမျိုးစုံမျိုးကွဲများအား မည်သို့သော အကျိုးသက်ရောက်မှုများ ရှိသည်ကို လေ့လာသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက ထပ်လောင်းပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ