နိုင်ငံ့စီးပွား အထောက်အကူပြုနိုင် ယခုနှစ်ဇန်နဝါရီလမှ မေလအထိ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု  ၅၂၀၀၀၀ ခန့်ရှိပြီး ယခင်နှစ်ကာလတူ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့်  နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်သည်။ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး  (၁/၂၀၂၄) ကို  ဇွန် ၂၁ ရက်က ကျင်းပခဲ့ရာ ကိုဗစ် - ၁၉ မတိုင်မီ ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်ကို ပြန်လည်ပြည့်မီရေး အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် ဗဟိုကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှာကြားခဲ့သည်။

 

ကိုဗစ်-၁၉ အလွန်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများအတွင်း ခရီးသွားလိုမှု မြင့်တက်လာခြင်းနှင့်အတူ ခရီးသွားဈေးကွက်ဝင်နိုင်ငံများကလည်း ၎င်းတို့၏ခရီးသွားလုပ်ငန်းများ အလျင်အမြန် ပြန်လည်နာလန်ထူလာရန်နှင့် ဈေးကွက်မြှင့်တင်ရန် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ဝင်ရောက်ကူးစက် ပျံ့နှံ့မှုဖြစ်ပေါ် မလာမီ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည်ဝင်‌ရောက်မှု ၄ ဒသမ ၅ သန်းခန့်ရှိခဲ့သည်။ ယခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းများသည် ကိုဗစ် - ၁၉ မတိုင်မီ အခြေအနေထက် ကျော်လွန်သွားမည့်အလားအလာများ  ရှိနေသကဲ့သို့ပင်  မိမိတို့နိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာလည်း တိုးတက်မှုကို ပြသလျက်ရှိရာ စနစ်တကျ အားထုတ်ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ကိုဗစ် - ၁၉ မတိုင်မီ  ခရီးသွားဧည့်သည်ဝင်ရောက်မှု  အရေအတွက်ထက် ကျော်လွန်သွားနိုင်မည်ဖြစ်သည်။

 

ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုပေးနိုင်ပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် စီးပွားရေးလုပ်ငန်းပင်ဖြစ်သည်။ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများစွာ  ဖြစ်ပေါ်လာစေနိုင်ပြီး  ဒေသတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ငွေများစီးဝင်လာစေခြင်းကြောင့် ဒေသ၏ လူမှုစီးပွားဘဝကို မြင့်မားလာစေသည်။ ခရီးသွားလုပ်ငန်း ဈေးကွက်ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ဆိုပါက ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊  ဟိုတယ်နှင့်  တည်းခိုခန်းလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းချမှုလုပ်ငန်း၊ ဖျော်ဖြေမှုလုပ်ငန်း စသည့် လုပ်ငန်းများလည်း  တစ်ဆက်တစ်စပ်တည်း  ဖွံ့ဖြိုးလာမည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းအရင်းအမြစ် ကြွယ်ဝသောနိုင်ငံဖြစ်ရာ အောင်မြင်သည့် ခရီးသွားလုပ်ငန်းဈေးကွက်ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာများစွာကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်မြှင့်တင်ရေး မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ ကမ္ဘာလှည့်ခရီးသွားများ မိမိတို့နိုင်ငံတွင်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ပြန်လည်ထွက်ခွာသွားချိန်အထိ အစစအရာရာ အဆင်ပြေချောမွေ့စေပြီး ၎င်းတို့နှင့်အတူ နိုင်ငံ၏ကောင်းသတင်းများ  ပါရှိသွားစေရေးတို့ကို  အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ အလွန်ကာလတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့်  ခရီးသွားလုပ်ငန်းများကို  အောင်အောင်မြင်မြင် ပြန်လည်ထူထောင်နိုင်ကြကာ  အရှိန်အဟုန်များလည်း ရရှိလာ ကြပြီဖြစ်သည်။  ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးကို ကောင်းစွာ အထောက်အကူပေးနိုင်သည့် စီးပွားရေးကဏ္ဍတစ်ခု ဖြစ်သည့်အလျောက် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေ ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း