ကျော်ဝင်း(ပညာရေး)

 

၂၀၁၄ ခုနှစ် ပြည်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် ပညာရေးကဏ္ဍ၌ စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် အသက် ၁၅ နှစ်နှင့်အထက် နိုင်ငံလူဦးရေ၏ ၁၀ရာခိုင်နှုန်းမှာ စာမတတ်သူများဖြစ်နေကြောင်း ထုတ်ပြန်ထားပါသည်။ ထို့အတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပညာရေးကဏ္ဍတွင် စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ထုတ်ပြန်ခဲ့သဖြင့် ယခင်ကထက် နိုင်ငံအတွင်း စာတတ်မြောက်မှုရာခိုင်နှုန်း အနည်းငယ်လျော့ကျလာကြောင်း တွေ့ရှိရပါသည်။

 

ထိုသို့ စာတတ်မြောက်မှုအခြေအနေ လိုအပ်ချက်များကို မြှင့်တင်ပေးမှသာ နိုင်ငံအတွင်း စာမတတ်သူဦးရေကို လျှော့ချနိုင်ခြင်းနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများနှင့် တွေ့ဆုံပွဲများတွင် “မိမိ တို့အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းသင်ပညာရေးကို အလေးထားဆောင်ရွက်သကဲ့သို့ ကျောင်းပြင်ပ ပညာရေးကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသင်ပညာရေးစနစ်ဖြင့် သင်ကြားခွင့်ဆုံးရှုံးခဲ့ရသူများကို ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေး ကို တိုးချဲ့ ဆောင်ရွက်သွားရန် အခါအားလျော်စွာ လမ်းညွှန်မှုများ ပြုထားသည်ကို ရုပ်မြင်သံကြား သတင်းများနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် မကြာခဏ ဖော်ပြထားသည်ကို တွေ့မြင်ကြားသိ နေရပါသည်။

 

စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲ

ယခုကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံအဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ပြီးနောက် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ စာတတ်မြောက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များတွင် အသက်၁၅ နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူများအား စာတတ်မြောက်ရေး သင်ကြားပေးနိုင်ရန်အတွက် လုပ်ငန်းစီမံချက်တွင် ပါရှိသောလုပ်ငန်းအစီအစဉ် (SOP) များအတိုင်း (စာမတတ်သူ) စာသင်သားစာရင်းများကို သက်ဆိုင်ရာမြို့နယ်များတွင် အုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်၍ကောက်ယူခြင်း၊ ကောက်ယူရရှိသည့် စာသင်သားများအား သင်ကြားပေးနိုင်ရေးအတွက် စာသင်ဝိုင်းများအဖြစ်စုဖွဲ့ခြင်း၊ ၎င်းတို့အား စာတတ်မြောက်ရေး သင်ကြားပေးမည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စေတနာလုပ်အားပေးနည်းပြများ နှင့် ကြီးကြပ်စာရင်းများ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက နည်းပညာနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်စီမံမှုဖြင့် ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ပါဝင်ခဲ့ကြပါသည်။

ကောက်ယူရရှိခဲ့သည့် စာသင်သားများအတွက် သင်ကြားရေးလုပ်ငန်းတွင် အသုံးပြုရန် စာသင်သားသုံး၊ စာသင်ဝိုင်းသုံးနှင့် နည်းပြ/ ကြီးကြပ်များအတွက် စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်းများကို ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက ဝယ်ယူစုဆောင်းပြီး သက်ဆိုင်ရာ မြို့နယ်များအရောက် အချိန်မီပေးပို့ခြင်း၊ အဆိုပါ စေတနာ လုပ်အားပေး နည်းပြ/ ကြီးကြပ်များအတွက် စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်လှစ်ခြင်းတို့ကို ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တောင်ကြီးမြို့၌ လေးရက်ကြာ ဖွင့်လှစ်ပေးခဲ့ပါသည်။ နည်းပြသင်တန်း ဖွင့်လှစ်ပြီးနောက် ရှမ်းပြည်နယ်တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် သုံးမြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားများ ပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲအပြီး နောက်ရက်မှစ၍ စာသင်သားများကို သင်တန်းဆင်း နည်းပြ/ကြီးကြပ်များက မိမိတို့တာဝန်ကျရာ မြို့နယ်များရှိ စာသင်ဝိုင်းများတွင် စာသင်သားများအား တစ်ရက်ပျမ်းမျှ သုံးနာရီနှုန်းဖြင့် အနည်းဆုံး နာရီပေါင်း ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ အခြေခံ မြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားပေးခြင်းနှင့်အတူ စာသင်သားများအတွက် လူမှုဘဝ မြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပါသည်။

 

သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေး

ထိုသို့ သတ်မှတ်နာရီ၊ သတ်မှတ်ရက်ပြည့်ပြီး နောက်ပိုင်းရက်များတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ “အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲ ကို တောင်ကြီးမြို့၌ကျင်းပ၍ ဂုဏ်ပြုပွဲတွင် စာသင်သားများအတွက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခြင်း၊ သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြ/  ကြီးကြပ်များအား ပညာရေးဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို ဦးစီးဦးဆောင်ဆောင်ရွက်ပေးသည့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးမှူးရုံးများအား ပညာရေး ဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က နည်းပြ/ကြီးကြပ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ဤစာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစိုးရလက်ထက်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအား ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် ပြန်လည်စတင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နေစဉ်အတွင်းမှာပင် ပညာရေးဝန်ကြီးဌာနသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင် ငါးခုတို့တွင် “အကြောင်းအမျိုးမျိုးကြောင့် ထောင်ဒဏ်၊ အချုပ်ဒဏ်ကျခံနေရသော ကျောင်းမနေခဲ့ရသည့် (စာမတတ်သူ) အကျဉ်းသား အကျဉ်းသူများကို  အကျဉ်းထောင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အခြေခံပညာအထက်တန်းအဆင့် သင်ယူဖူးသူ၊ တက္ကသိုလ်ဝင်တန်းအောင်၊ ဘွဲ့ကြိုနှင့် ဘွဲ့ရရှိထားသူ အကျဉ်းသား အကျဉ်းသူများ၏ စေတနာလုပ်အားတို့ဖြင့် စာတတ်မြောက်ရေး သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မတ်လမှ မေလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီးအချုပ်ထောင်နှင့် ညောင်ရွှေအကျဉ်းထောင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံအကျဉ်းထောင်၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) ရှိ လားရှိုးအကျဉ်းထောင်နှင့် သီပေါအကျဉ်းထောင်များတွင် စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားနိုင်ရန် အကျဉ်းထောင်များအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းများကို လေးရက်စီ ဖွင့်လှစ်သင်ကြားပေးခြင်း၊ စာသင်သားသုံး၊ စာသင်ဝိုင်းသုံးနှင့် နည်းပြ/ကြီးကြပ်သုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက ပံ့ပိုးပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အကျဉ်းဦးစီးဌာနတို့၏ အနီးကပ်စီမံမှုတို့ဖြင့် အကျဉ်းထောင်များအတွင်း အုပ်စုခွဲ၍ စာတတ်မြောက်ရေးသင်ကြားပေးနိုင်ရန် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းများ ဖွင့်လှစ်ပေးပြီးနောက် အကျဉ်းထောင်များအတွင်း စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းအား တစ်ရက် ပျမ်းမျှ သုံးနာရီဖြင့် အနည်းဆုံး နာရီပေါင်း ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ ဆောင်ရွက်ခဲ့ပါသည်။ အကျဉ်းထောင်/ အချုပ် ထောင်များ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (အရှေ့ပိုင်း)နှင့် (မြောက်ပိုင်း) အတွင်းရှိ ပညာရေးမှူးရုံးများကလည်း အကျဉ်းထောင်များရှိ စာတတ်မြောက်ရေး စာသင် ဝိုင်းများအတွက် အကျဉ်းထောင် တာဝန်ခံအရာရှိများထံသို့ သင်ထောက်ကူကားချပ်များနှင့် စာရေး ကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ယခင်က အကျဉ်းထောင်များအတွင်း စာတတ်မြောက်ရေးလုပ်ငန်း (အသုံးလုံး) သင်ကြားခြင်းကို အကျဉ်းဦးစီးဌာန၏ ပုံမှန်လုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပညာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာတတ်မြောက်ရေးလုပ်ငန်းကို ရှမ်းပြည်နယ်အတွင်း အကျဉ်းထောင်/ အချုပ်ထောင်များ၌ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့မှုသည် ထင်ရှားသည့် လုပ်ငန်းတစ်ရပ်အဖြစ် သမိုင်းမှတ်တမ်း ကျန်ရှိနေခဲ့ပါသည်။

 

သတ်မှတ်နာရီ၊ သတ်မှတ်ရက်ပြည့်မီအောင်

အဆိုပါ ရှမ်းပြည်နယ် အကျဉ်းထောင်/ အချုပ်ထောင်များ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ငန်းအစီအစဉ် (SOP) များရေးဆွဲ၍ နေပြည်တော် ကောင်စီ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မြို့နယ်ရှစ်မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ရှမ်း ပြည်နယ် (အရှေ့ပိုင်း) မြို့နယ်လေးမြို့နယ်နှင့် မိုင်းယုနယ်ခြားစောင့်တပ်နယ်မြေ တစ်ခုတို့တွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ ကိုလည်းကောင်း၊ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံး မြို့နယ်တို့တွင် စဉ်ဆက်ပညာရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်းကောင်း စီမံချက် ရေးဆွဲခဲ့ပြီး အဆိုပါလုပ်ငန်းစီမံချက်အား ပညာရေးဝန်ကြီးဌာနက ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးတို့ကို တင်ပြခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းအစီအစဉ် (SOP) များအတိုင်း စာတတ်မြောက်ရေး စာသင်သားများနှင့် စဉ်ဆက်ပညာရေး စာသင်သား စာရင်းများကို သက်ဆိုင်ရာ နယ်မြေများတွင်ကောက်ယူခဲ့ပြီး စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်များအား သက်ဆိုင်ရာ မြို့များတွင် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးနောက် စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး သင်ကြားခြင်း အစီအစဉ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်မှစ၍ သတ်မှတ်နာရီ၊ သတ်မှတ်ရက် ပြည့်မီအောင် အကောင်အထည်ဖော်မည့် မြို့နယ်များရှိ အခြေခံ စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားရေးလုပ်ငန်း အစီအစဉ်များကို ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့များတွင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(အရှေ့ပိုင်း) ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် ပညာရေးမှူးတို့က တက်ရောက်အမှာစကားများ ပြောကြားခဲ့ကြကာ စတင် ဆောင်ရွက်ခဲ့ပါသည်။ အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ သင်ကြားရေးအတွက် သတ်မှတ်ကာလပြည့် ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လများအတွင်း သက်ဆိုင်ရာ နယ်မြေဒေသများ၌ ပြုလုပ်သည့် ဂုဏ်ပြုပွဲများတွင် စာတတ်မြောက်ရေး စာသင်သားများနှင့် စဉ်ဆက်ပညာရေး စာသင်သားများအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များ ထုတ်ပေးခြင်း၊ စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ဦးဆောင်ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပညာရေးမှူးရုံးများအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေး မှူးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ သင်ကြားပေးခဲ့ကြသည့် စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ချီးမြှင့်ငွေများ ပေးအပ် ခြင်းတို့ဖြင့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဂုဏ်ပြုခဲ့ကြပါသည်။

 

နည်းပြသင်တန်းများ ဆင့်ပွားပို့ချ

ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် “အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများ၊ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူများအတွက် ဒုတိယအကြိမ် သင်ယူမှုအခွင့်အလမ်း ဖန်တီးပေးသည့် ကျောင်းပြင်ပ ပညာရေး နည်းလမ်းဖြင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတို့ကို ၂၀၂၃ ခုနှစ်အတွင်း ရှေ့ပြေးပြန်လည်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အဆိုပါ ဦးတည်အုပ်စုများအား အမျိုးသားရေး လှုပ်ရှားမှု အသွင်ပုံစံဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ “ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးတို့အတွက် ဆောင်ရွက်ခြင်းကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူများဖြစ်သည့် အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ်များကို ဦးတည်အုပ်စုအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီလမှစ၍ လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲကာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပေးနိုင်ရေးအတွက် စာရင်းကောက်ယူခဲ့ရာ နေပြည်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စာသင်သားပေါင်း ၇ သောင်းခန့်ကို စာရင်းကောက်ယူရရှိခဲ့ပါသည်။ ကောက်ယူရရှိခဲ့သည့် စာသင်သားများကို သင်ကြားပေးမည့် စေတနာ လုပ်အားပေးများအဖြစ် တက္ကသိုလ်၊ ကောလိပ်များ နှင့် ပညာရေးဒီဂရီကောလိပ်များမှ ပညာရေး ဝန်ထမ်းများနှင့် အခြေခံပညာမှ ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ အခြေခံပညာအထက်တန်း အဆင့် သင်ယူဖူးသူ၊ တက္ကသိုလ် ဝင်တန်းအောင်များ၊ တက္ကသိုလ်/ကောလိပ် ကျောင်းသားကျောင်းသူများ နှင့် ဘွဲ့ရရှိသူများ၏ အင်အားဖြင့် နည်းပြသင်တန်းသား သင်တန်းသူပေါင်း ၁၃၀၀ ခန့်က စာမတတ်သူ စာသင်သားများအား သင်ကြားပေးနိုင်ရန်အတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာနှင့် အခြေခံပညာတို့မှ ဗဟိုအဆင့် နည်းပြသင်တန်းသား သင်တန်းသူ ဆရာဆရာမ စုစုပေါင်း ၁၃၆ ဦးတို့ကို သတ်မှတ်လျာထား၍ နေပြည်တော် လယ်ဝေးမြို့နယ် သုခုမလမ်းရှိ အားကစားလေ့ကျင့် ရေးစခန်းတွင် မတ်လ ၂၆ ရက်မှ မတ်လ ၂၈ ရက် အထိ သုံးရက်ကြာ ဗဟိုအဆင့် နည်းပြသင်တန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ ဗဟိုအဆင့် နည်းပြများက သက်ဆိုင်ရာဒေသများတွင် ဒေသ အစိုးရအဖွဲ့များ၏ အနီးကပ်စီမံကြီးကြပ်မှုတို့ဖြင့် ဧပြီလ ပထမပတ်အတွင်း အခြေခံစာတတ်မြောက် ရေးလုပ်ငန်း နည်းပြသင်တန်းများကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင့်ပွားပို့ချ ပေးခဲ့ပါသည်။

ထိုကဲ့သို့ စာတတ်မြောက်ရေးလုပ်ငန်း ဆင့်ပွားသင်တန်းများကို နေပြည်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များက တက်ရောက်ခဲ့ပြီး နောက်ပိုင်း၌ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာသင်ဝိုင်းများ၌ သင်ကြားမည့် စာသင်သားပေါင်း ခုနစ်သောင်းခန့်အား အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းကို ဧပြီလ ပထမပတ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအမံဖြင့် သင်ကြားပေးသွားနိုင်ခဲ့ပါသည်။ ယခု သင်ကြားခဲ့သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပုံမှန်သင်ကြားခြင်းများအပြင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာ ပံ့ပိုးမှုဖြင့် စာသင်သားများ၏ လက်ကိုင်ဖုန်းများအတွင်း အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းဆိုင်ရာ Mobile Application ကို စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်များက ထည့်သွင်းသင်ကြားပေးနိုင်ခြင်းဖြင့် စာသင်သားများအနေဖြင့် မည်သည့်ဒေသ၊ မည်သည့်နေရာကို ရောက်ရှိနေသည်ဖြစ်စေ နည်းပညာပိုင်းဆိုင်ရာကိုအသုံးပြု၍ သင်ကြားနိုင်ခြင်းကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ဤသို့ ဆောင်ရွက်ပေးနိုင်ခဲ့မှုအတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအား ပညာရေးဝန်ကြီးဌာနကိုယ်စား စာရေးသူက အကြိမ်ကြိမ် ကျေးဇူးတင်နေမိပါသည်။

သတင်းများဖော်ပြချက်အရ စာရေးသူတင်ပြရလျှင် ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခြင်း၊ အဆိုပါနေ့၌ပင် ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည့် “ပဲခူးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုခဲ့ကြပါသည်။ မေလ ၁၆ ရက် နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ ပညာရေး ဒီဂရီကောလိပ်တွင် ကျင်းပသည့် “မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ သို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (စာရေးသူ) တို့ တက်ရောက်ခဲ့ပြီး စာသင်သားများနှင့် နည်းပြ / ကြီးကြပ်များအား ဂုဏ်ပြုခဲ့ကြပါသည်။ ဂုဏ်ပြုပွဲတွင် စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များအား မွန်ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပါ တစ်ပါတည်းပေးအပ်ခဲ့ပါသည်။ ထိုနေ့ မွန်းလွဲပိုင်း၌ပင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် “ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များနှင့်အတူ ပညာရေးဝန်ကြီးဌာနမှ စာရေးသူက ဆက်လက်တက်ရောက်ခဲ့ပြီး အလားတူ ဂုဏ်ပြုခဲ့ကြပါသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့ သွားရောက်အားပေးပံ့ပိုးခဲ့ သည့် Video Clip ကိုပါ ဂုဏ်ပြုပွဲတွင် ကြည့်ရှုခဲ့ရပါသည်။

 

ထူးခြားသောနေ့အဖြစ်ဂုဏ်ယူမိ

ဤသို့ မေလ ၁၆ ရက် နံနက်ပိုင်း မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့သည့် “မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား နှင့် ယင်းနေ့မွန်းလွဲပိုင်း ဘားအံမြို့ ဇွဲကပင် ခန်းမ၌ကျင်းပသည့် “ကရင် ပြည်နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲများသို့တစ်ရက်တည်း ကျင်းပခဲ့သည့် ပြည်နယ်နှစ်ခုတွင် စာတတ်မြောက်ရေးအောင်ပွဲ တစ်နည်းအားဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဂုဏ်ပြုပွဲများသို့ တက်ရောက်ခဲ့ပြီး တာဝန်များထမ်းဆောင်နိုင်ခဲ့မှုသည် စာရေးသူ ညွှန်ကြားရေးမှူးချုပ် ၏ တာဝန်ထမ်းဆောင်ခြင်း ကာလအတွင်း ထူးခြားသောနေ့အဖြစ် ဂုဏ်ယူမိပါသည်။ ထိုကဲ့သို့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်နှစ်ခု၌ ကျင်းပနိုင်ရေး ညှိနှိုင်းစီစဉ်ပေးခဲ့သော ပြည်နယ်ဝန်ကြီးချုပ်များနှင့် သွားလာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးပါသော ကရင်ပြည်နယ် ပညာရေးမှူးနှင့် မွန်ပြည်နယ် ပညာရေးမှူးတို့ကို ရင်ထဲက စိတ်ရင်းအမှန်ဖြင့် အထူးပင် ကျေးဇူးတင်နေမိပါသည်။

ထို့နောက် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီ တိုင်းဒေသကြီး အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ စာရေးသူ ဆက်လက် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအတွင်း အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစာသင်ဝိုင်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက သွားရောက်ပြီး ပံ့ပိုးကူညီမှုများ ပေးအပ်သည့် မှတ်တမ်း Video Clip ပြသရာ စာသင်သားများ၊ နည်းပြ/ ကြီးကြပ်များ၏ ပြုံးပျော်နေမှုများက အခမ်းအနား တက်ရောက်သူများ၏ ရင်ထဲကို ထိမိစေခဲ့ပါသည်။ အလားတူ မေလ ၂၀ ရက်နေ့တွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် “ရှမ်းပြည်နယ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းဂုဏ်ပြုပွဲ သို့ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပြီး စာသင်သားများ၊ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များအား ဂုဏ်ပြုခဲ့ကြပါသည်။

အလားတူအခြား “တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း အခြေခံစာတတ်မြောက် ရေးလုပ်ငန်း ဂုဏ်ပြုပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအမံဖြင့် ကျင်းပခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ကျောင်းပြင်ပပညာရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက် ပညာရေး လုပ်ငန်း ဆောင်ရွက်ခဲ့မှုတို့ကို အောက်ပါ ဇယားဖြင့် စုစည်းဖော်ပြအပ်ပါသည်-

 

mdn

 

အထက်ပါ ကျောင်းပြင်ပပညာရေးကဏ္ဍများဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက် ပညာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် စာသင်သားပေါင်း ၇၈၈၂၄ ဦးခန့် စာတတ်မြောက် လာခဲ့သဖြင့် လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကောက်ယူမည့် နိုင်ငံတော်၏ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်းတွင် ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်း၌ ဖော်ပြထားသည့် အသက် ၁၅ နှစ်နှင့် အထက် လူငယ်နှင့် သက်ကြီးစာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းဆိုသည့် ကိန်းဂဏန်းအား အထိုက်အလျောက် လျှော့ခသွားနိုင်မည်ဟု စာရေးသူအနေဖြင့် ယုံကြည်မိပါသည်။

အချုပ်အားဖြင့် တင်ပြရသော် ပညာရေးဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ “အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင် ပညာရေးတွင် မသင်ကြားခဲ့ရသည့် ကျောင်းနေအရွယ်လွန် ကလေးများ၊ ကျောင်းမနေခဲ့ရသည့် ကလေးများနှင့် ကျောင်းပြင်ပရောက် ကလေးများအတွက် ကျောင်းပြင်ပပညာရေး နည်းလမ်းများမှ တန်းညှိပညာရေး အစီအစဉ်ဖြစ်သော  ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များ ကို တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး ကိုလည်းကောင်း၊ ဦးတည်အုပ်စုအနေဖြင့် “အသက် ၁၅ နှစ် နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူများ၊ ကျောင်းမနေခဲ့ရသူများနှင့် မူလတန်းအဆင့်ဖြင့် ကျောင်းစောထွက်ခဲ့ရသူများအား သင်ကြားပေးမည့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းသင်ကြားခြင်းများကိုလည်းကောင်း တိုးချဲ့ ဆောင်ရွက်သွားနိုင်ရေးအတွက်  ဆက်လက်လုပ်ဆောင်လျက်ရှိနေပါသည်။

သို့မှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ဆောင်ရွက်ရမည့် ကဏ္ဍများဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းများကို နှစ်အလိုက် စီမံကိန်းများရေးဆွဲချမှတ် ဆောင်ရွက်သွားမှသာ နှစ်အလိုက် စာမတတ်သူဦးရေများ လျှော့ချလာနိုင်ခြင်း၊ အဆိုပါ လူ့အဖွဲ့အစည်းအတွင်း အကြောင်းအကျိုး၊ အကောင်းအဆိုး တို့ကို ဝေဖန်ပိုင်းခြား သိမြင်စွမ်းရှိပြီးကာလ စာတတ်မြောက်ရေး သင်ကြားပေးပြီးနောက်ပိုင်း စာဖတ်ရှိန် မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ဘဝသာယာရေး အစီအစဉ်များ ပညာပေးခြင်းစသည့် အစီအစဉ်သုံးခုတို့ဖြင့် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်ပြီး ဝင်ငွေများတိုးပွားလာရေး၊ အလုပ်အကိုင်များ ဖန်တီးချိတ်ပေးနိုင်မည့်  စဉ်ဆက်ပညာရေး လုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်များရရှိပြီး ဝင်ငွေတိုးပွားခြင်း၊ ဘဝရပ်တည်မှု ပိုမိုကောင်းမွန်လာခြင်းတို့နှင့်အတူ ဒေသတည်ငြိမ်အေးချမ်းမှုကို ယခုထက် ပိုမိုဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

စာရေးသူ နိဂုံးချုပ် တင်ပြလိုသည်မှာ ဆောင်ရွက်ပြီးခဲ့သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတို့ကို ပညာရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသအသီးသီးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူများအားလုံးကို ပညာရေးဝန်ကြီးဌာနက အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ရေးသားတင်ပြရင်း တေးရေး ဒေါ်ခင်မေကြီး၊ ကျောင်းအုပ်ကြီး (ငြိမ်း) အထက(၂) စမ်းချောင်းရေးသားခဲ့သည့် “စေတနာ ပန်းတို့ လန်းရာမြေ စာတတ်မြောက်ရေး တေးသီချင်းတွင်ပါရှိသော “တစ်အိမ်သားလုံး စာတတ်ဖို့ တစ်ရပ်လုံးဝိုင်းကူနေ၊ ပြည်လုံးကျွတ် စာတတ်ဖို့ ဝိုင်းဝန်းကြစို့လေ၊ ဒို့တိုင်းရင်းသား တစ်ရပ်လုံးရဲ့ စာဖတ်တဲ့အသံတွေ၊ ပြည်လုံးကျွတ် စာတတ်ဖို့ ဝိုင်းဝန်းကြစို့လေ၊ နိုင်ငံတော်ရဲ့ စေတနာပန်းတွ” ဟု သီဆိုဖော်ပြရင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် စာမတတ်သူဦးရေ လျှော့ချရေး အတွက် ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရေးသားတင်ပြလိုက်ရပါသည်။