ရန်ကုန် ဇွန် ၂၅

အုန်းချိုမွှေး အုန်သီးမှ ကုန်ချောပြန်လည်ထုတ်လုပ်နိုင်ပြီး ထိုသို့ထုတ်လုပ်ရာတွင် ထုတ်ပိုးမှုပုံစံသေသပ်ပါက ပြည်တွင်းဈေးကွက်ကောင်းလာနိုင်ကြောင်း အုန်းချိုမွှေး အုန်းသီးပင်ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

ထို့အပြင် အုန်းချိုမွှေး အုန်းသီးမှထွက်သည့် ကုန်ကြမ်းများအား ကလေးစားစရာ ဂျယ်လီလုပ်ငန်းများ၊ ဖျော်ရည်လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ကြောင်းနှင့် လက်ရှိတွင် ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ဖြန့်ဝေခြင်းမှာ စျေးကွက်ကျယ်ပြန့်ခြင်း မရှိသေးကြောင်း သိရသည်။

"ရှင်းရှင်းပြောရရင် တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာပါ့နော်။ ဈေးကွက်ကို ပြည့်ပြည့်ဝဝ မရောက်သေးတဲ့ သဘောပေါ့။ အဓိကကတော့ ထွက်လာတဲ့ကုန်ကြမ်းကို ကုန်ချောပြန်ထွက်ဖို့ရယ်၊ ဖြန့်ချိဖို့ရယ်၊ အဲ့ဒါတွေကို ထဲထဲဝင်ဝင်လုပ်နိုင်ရင် ပြန့်ပါတယ်။ ကြိုးကြိုးစားစားနဲ့အချိန်ယူ လုပ်ရင်ဈေးကွက်က ကောင်းလာနိုင်တယ်။ ပုံမှန် အုန်းစိမ်းရေတောင် ဒီအတိုင်း ကျန်းမာရေးအတွက် တချို့သူတွေတော်တော် များသောက်ကြတယ်။ အဓိက ကတော့ ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတော့ စိုက်ပျိုးတဲ့သူတွေက အများကြီး မစိုက်ရဲသေးဘူးပေါ့။ ဖြုန်းအားရှိတယ်။ ပါကင်စနစ် ကောင်းကောင်းနဲ့ လုပ်နိုင်မယ်ဆိုရင် စိုက်တဲ့သူကပိုများလာမယ်” ဟု ပြည်တွင်းတွင် အုန်ချိုမွှေးများကို စျေးကွက်အတွက် အဆင့်မြင့်မြင့် ရောင်းချနိုင်ရန်အတွက် လုပ်ကိုင်နေသူတစ်ဦးဖြစ်သော ကိုအောင်သူရ က ပြောသည်။

ပြီးခဲ့သည့် လများအတွင်းက မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် အုန်ချိူမွှေး အုန်းသီးကို ထိုင်းနိုင်ငံသို အလုံးလိုက်ပြန်လည်တင်ပို့ခြင်းရှိနေကာ လက်ရှိတွင် ပြည်တွင်း စျေးကွက်၌ ကုန်ချောအဖြစ် ထိုးဖောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

လက်ရှိတွင် အုန်းချိုမွှေး အုန်းသီးကို တွံတေးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်ကူးမြို့နယ် စသည်ဖြင့် မြို့နယ်များတွင် စမ်းသပ်စိုက်ပျိုးနေကြောင်းလည်း သိရသည်။

Thit Taw