ရန်ကုန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားအဆင်းသို့သွားရောက်၍ အင်ဂျင်နီယာဌာနမှ ရွှေပြည်သာတံတားလမ်း (ရွှေပြည်သာတံတားအဆင်းနှင့် ၁၄ လမ်းဆုံ အကြား) အရှည် ၂၅၀၀ ပေ၊ အကျယ် ၂ ပေရှိ လမ်းဘေးဝဲ၊ ယာ လူသွားကွန်ကရစ်စင်္ကြံ ပြုလုပ်နေမှုနှင့် ရွှေပြည်သာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အရှေ့၌ အင်ဂျင်နီယာဌာနမှ လှိုင်မြစ်အတွင်းသို့စီးဝင်ရန် အရှည်ပေ ၂၆၀၀၊ အကျယ် ၈ ပေ၊ အနက် ၈ ပေရှိ လမ်းဘေးဝဲ၊ ယာမြေ သားမြောင်းတူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် နည်းပညာတက္ကသိုလ် ကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းကျင်းထားရှိမှု၊ လမ်းလယ်မီးတိုင်းများ စိုက်ပျိုးရန် ဆောင်ရွက်ထား ရှိမှု၊ နည်းပညာတက္ကသိုလ်အဝင်လမ်းရှိ ၁၇၆ အဝိုင်းမှတ်တိုင်၌ အင်ဂျင်နီယာ ဌာနမှ အရှည် ၁၀၀ ပေ၊ အကျယ် ၁၂ ပေရှိ Bus Stand ဆောင်ရွက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၇)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက် ရေးစီမံကိန်း၌ အင်ဂျင်နီယာဌာနမှ ရန်ကုန်မြို့ရေပေး ဝေရေးဇုန်(၉)၏ ဂါလန် ၂ သိန်းဆံ့ ရေစုကန် တည်ဆောက်နေမှု၊ အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေ၊ အမြင့် ၁၄ ပေ ရှိ စုဝေးခန်းမတည်ဆောက်နေမှု၊ ဘုရင့်နောင်ပန်းခြံတိုးချဲ့မြေနေရာနှင့် ရန်ကုန်-ပုသိမ်လမ်းကြားရှိ ရေမြောင်းကို အရှည် ၁၀၅၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေ မြောင်း တည်ဆောက်ပြီးနေမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၄)ရပ်ကွက် ဘုရင့် နောင်တံတားအမှတ်(၁)အနီး ရန်ကုန်-ပုသိမ်လမ်းတောင်ဘက်ခြမ်း ရေစုကန်ရေမြောင်းမှ ညောင်ချောင်းရေတံခါးသို့ အရှည်ပေ ၃၀၀၊ အကျယ် ၈ ပေ၊ အနက် ၅ ပေရှိ အုတ်ရေမြောင်း တည်ဆောက် ထားရှိမှု၊ ဆိပ်ကမ်းသာလမ်းရေမြောင်း၌ အလျားပေ ၅၀၊ အနံ ၅ ပေ၊ အနက် ၇ ပေရှိ Box Culvert ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဘုရင့်နောင် ပန်းခြံတိုးချဲ့မြေနေရာတွင် ၁၀ ပေ ပတ်လည်ဆိုင်ခန်းပေါင်း ၃၀၀ ပါရှိသည့် ၄ ဧက ကျယ်ဝန်းသော ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၊ ပွဲကြည့်စင်၊ ပဒုမ္မာကြာရေပန်း၊ ကလေးကစားကွင်း၊ ကိုယ်လက်လှုပ်ရှားအား ကစားပြုလုပ်ရန်နေရာ၊ အမှိုက်စွန့်ပစ်ရန်နေရာ၊ စုဝေးခန်းမအဆောက်အဦနှင့် ယာဉ်အစီးရေ ၂၀၀ ရပ်နားနိုင်သည့် ယာဉ်ရပ်နားကွင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


