မော်လမြိုင် ဇွန် ၂၆

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားကြရန်လိုအပ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး၌ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးသည် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးစေအတွက် ရည်ရွယ်၍ အထူးအလေးထား ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

 

ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား လည်းကောင်း၊ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လုပ်ငန်းဆပ်ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ ဖြည့်စွက်အကြံပြု ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)