ဇွန် ၂၆

ပါကစ္စတန်နိုင်ငံတောင်ပိုင်း  ကရာချိမြို့တွင်  လွန်ခဲ့သော သုံးရက်အတွင်း အပူလျှပ်မှုဖြစ်ပွားခဲ့ရာ ၂၅ ဦးထက်မနည်းသေဆုံးပြီး ဆေးရုံတက်ကုသမှုခံယူနေသူ ထောင်နှင့်ချီရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့ကပြောကြားသည်။

လူနာများသည် အပူချိန်မြင့်မားမှုကြောင့် ရေဓာတ်ခန်းခြောက်ခဲ့ပြီး ရှေးဦးကုသမှုခံယူပြီးနောက် ‌ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်ဟု ဆရာဝန်များကဆိုသည်။ သို့ရာတွင် နှလုံးနှင့်ကင်ဆာကဲ့သို့သော ရောဂါရှိသူများကိုမူ ဆေးရုံတွင် ထပ်မံကုသမှုခံယူရန် ဆက်လက်ထားရှိသည်ဟု သိရသည်။

လွန်ခဲ့သောသုံးရက်အတွင်း ကရာချိမြို့အတွင်းသို့ ပင်လယ်လေတိုက်ခတ်မှုမရှိသဖြင့် အပူချိန် ၄၀ ဒီဂရီကျော်လွန်ကာ အပူချိန်မြင့်မားခဲ့သည်ဟု မိုးလေဝသဌာနက ပြောကြားသည်။  ကရာချိမြို့တွင် ယနေ့ညနေပိုင်း၌ ပင်လယ်လေပြန်လည်တိုက်ခတ်လာပြီးအပူချိန်တဖြည်းဖြည်းလျော့ကျလာနိုင်ကြောင်း မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို