နေပြည်တော် ဇွန် ၂၆
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဗဟိုအဆင့်တွင် ဆုရရှိသူများနှင့် တိုင်းအဆင့် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား/ ကျောင်းသူများ၏ မိဘများတက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး ကင်းစင်သည့်နိုင်ငံ DRUG FREE NATION ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့ အနေဖြင့်လည်း နေပြည်တော်ကို မူးယစ်ဆေးဝါး ကင်းမဲ့သည့်ဒေသ DRUG FREE REGION ဖြစ်လာစေရေး ဝိုင်းဝန်းကာကွယ်ကြရန် လိုအပ်ပါကြောင်း၊ လူသားများအားလုံး၏ ဘဝပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွှင်သည့် လူ့အဖွဲ့အစည်း ဖြစ်လာစေရန် ပြည်သူလူထု တစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံမှပေးပိုသည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီ နယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ဖတ်ကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ တွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများနှင့် အကဲဖြတ်ဒိုင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုကို ကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


