ဇွန် ၂၇

အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း ကာနတ်တာကာပြည်နယ်တွင် ယမန်နေ့က ၎င်းတို့၏နေအိမ်ပေါ်သို့ ခြံစည်းရိုးပြိုကျမှုကြောင့် မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါပြိုကျမှုသည် Dakshina Kannada ခရိုင် Ullal taluk မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။  Munnur ကျေးရွာတွင် ၎င်းတို့၏နေအိမ်ပေါ်သို့ အိမ်နီးချင်း၏ခြံစည်းရိုးပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုဖြစ်ရပ်ကြောင့် အသက် ၄၀ အရွယ် လင်မယားနှစ်ဦးနှင့် ၎င်းတို့၏သားနှင့်သမီး သေဆုံးခဲ့သည်။

ထိုခရိုင်တွင် ဇွန်လ ၂၇ ရက်အထိ အဝါရောင် သတိပေးချက်ထုတ်ပြန်ထားကြောင်း မိုးလေဝသဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံရှိ ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များက အရည်အသွေးမပြည့်ဝသောပစ္စည်းများအသုံးပြုခြင်း၊ ကြီးကြပ်မှုအားနည်းခြင်းနှင့် အလုပ်သမားများဘေးကင်းမှုဆိုင်ရာစံနှုန်းများညံ့ဖျင်းခြင်းတို့ကြောင့် အကျင့်ပျက်ခြစားမှုနှင့် အုပ်ချုပ်မှုလျော့ရဲခြင်းအပေါ် အပြစ်တင်ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို