ရန်ကုန် ဇွန် ၂၇
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) က ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများမှ နာယကများနှင့် ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တေးသီချင်းချစ်သူပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တေးသံရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တစ်ခဲနက်ကြည့်ရှုအားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေးကြသည့် တေးသီချင်းချစ်သူပရိသတ်များ လက်ကိုင်ဝှေ့ယမ်းအားပေးနိုင်ရန်အတွက် ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ အလှလက်ကိုင်မီး ၁၀၀၀ အား မေတ္တာလက်ဆောင်ပေးအပ်ရာ အဆိုပါ အလှလက်ကိုင်မီးများဖြင့် ပရိသတ်များက တစ်ခဲနက် ကြည့်ရှုအားပေး၍ လိုက်ပါသီဆိုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ်အဖြစ် ဆင်ကြီး ဂဠုန်ချီ၊ လူချွန်လူကောင်း၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ နဂါးနီ၊ နိုင်ငံတော်သီချင်းနှင့် စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်တို့ကို အဖွင့်တီးလုံးအဖြစ် Performance အကများဖြင့် တီးခတ်ဖျော်ဖြေကြသည်။
ဂုဏ်ပြုပန်းစည်းများပေးအပ်
ဆက်လက်၍ မြန်မာဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်အား မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကြသည်။
ထို့နောက် တေးဂီတဖျော်ဖြေပွဲတွင် စန္ဒရားဘိုတာထွန်းညွန့် တေးဂီတအဖွဲ့၊ ART ROBOT (သုခုမစက်ရုပ်များ) တေးဂီတအဖွဲ့၊ IMMORTAL BAND & PLUSTHREE တေးဂီတအဖွဲ့၊ HORIZOON တေးဂီတအဖွဲ့တို့က ဖျော်ဖြေတီးခတ်ပေးပြီးထား၊ မြန်မာပြည် သိန်းတန်၊ တင်ဦးလေး၊ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ခင်မောင်ထူး၊ ဘိုဘိုဟန်၊ ဂျက်မြသောင်း၊ မေရွက်ဝါ၊ Lဆိုင်းဇီ၊ အိုင်းရင်းဇင်မာမြင့်၊ နောနော်၊ ဖိုးသောကြာ၊ ကောင်းဆက်၊ ဝေလ၊ ညီမင်းခိုင်၊ ပူစူး၊ အောင်ထက်၊ အစ္စဏီ၊ ဇွဲပြည့်၊ ဟန်ထူးဈာန်၊ ရဲထိုက်၊ သီရိဂျေမောင်မောင်၊ ဂျေညီမလေး၊ ပိုပို၊ မီးနို၊ အိအိ၊ ချယ်ရီသင်း၊ မေသက်ထားဆွေ၊ အေးမြဖြူ၊ ဖြိုးကျော်ထိုက်၊ ဆိုင်းစံ၊ မေစံပယ်ညို၊ အောင်အေးချစ်၊ ရွှေနန်းထက်၊ စစ်မာန်နှင့် ကြည်ဖြူခင်တို့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ယနေ့ ဖျော်ဖြေပွဲတွင် စုစုပေါင်း တေးသီချင်းပုဒ်ရေ ၈၀ ခန့် သီဆိုဖျော်ဖြေခဲ့ကြသည်။
၁၉၃၆ ခုနှစ် ဇွန် ၂၇ရက်တွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံး ညီလာခံကြီးက တို့ဗမာသီချင်းကို အမျိုးသားသီချင်းအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
မြန်မာ့ဂီတနေ့ သတ်မှတ်နိုင်ရန်အတွက် ဂီတပညာရှင်များက အကြံပြုကြရာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တွင် မြန်မာတိုင်းရင်းသားများ၏ တိုင်းချစ်၊ ပြည်ချစ် စိတ်ဓာတ်အမျိုးသားရေးစိတ်ဓာတ်များကို မြှင့်တင်ပေးသော သမိုင်းပေးတာဝန်ကျေပွန်ခဲ့ကြသည့် ဂီတပညာရှင်ကြီးများကို ဂုဏ်ပြုရာ၊ ဂုဏ်တင်ရာ၊ ဂုဏ်ယူစရာဖြစ်အောင်၊ ဂီတသမားများထာဝစဉ် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နေစေရအောင် တို့ဗမာသီချင်းကို အမျိုးသားသီချင်းအဖြစ် အတည်ပြုပြဋ္ဌာန်းလိုက်သော ဇွန် ၂၇ ရက်ကို မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ် ရန် ၂၀၂၃ ခုနှစ် ဇွန် ၄ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဂီတဆုချီးမြှင့်ပွဲများ ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) က သမိုင်းဝင်ဂီတနေ့ဖြစ်သော ဇွန် ၂၇ ရက်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ဂီတပြိုင်ပွဲများ၊ ပြပွဲများ၊ ဂီတဆုချီးမြှင့်ပွဲများနှင့် ဂီတနှင့်ပတ်သက်သော လှုပ်ရှားမှုများကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ဇွန် ၂၇ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံ ဂီတနေ့ဂီတဖျော်ဖြေပွဲသို့ ဂီတအလွှာအသီးသီးမှ အနုပညာရှင်များ၊ တေးသီချင်းချစ်သူပရိသတ်များ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
သတင်းစဉ်


