နေပြည်တော် ဇွန် ၂၇
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထု အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Board များကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥတ္တရသီရိခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ယနေ့ နံနက် ၈နာရီခွဲက ဥတ္တရသီရိမြို့နယ် ရာဇဌာနီလမ်းနှင့် မန္တလေးလမ်းထောင့်၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်း ကော်မတီဝင်များ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာနှင့် ပန်းဖွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အသိပညာပေး Bill Board ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာနှင့် ပန်းဖွားအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက ခရီးသွားပြည်သူများထံ သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း စာရင်းကောက် ကွက်ပေါင်း ၂၆၀၀ ကျော်ကို စာရင်းစစ်၊စာရင်းကောက် ၁၁၀၀ ကျော်ဖြင့် ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


