နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ၊ သင်တန်းသားများ၏ မိဘများနှင့် ဆွေမျိုးများ တက်ရောက်ကြသည်။
ဦးစွာ သင်တန်းဆင်းပွဲ အစီအစဉ်အတိုင်း ဆောင်ရွက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
သင်တန်းဆင်းပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး သုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ရပ်တည်မြဲမြန်စေရန်အတွက် စောင့်ထိန်းရမယ့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူအားလုံးပါဝင် သည့် ပြည်သူ့ကာကွယ်ရေးစနစ်၊ ပြည်သူ့လုံခြုံရေးစနစ် စတင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုး သားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်ရဲဘော်များ အားလုံး ကို လေးစားဂုဏ်ယူပါကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည့် ဘာသာ ရပ်များကို လေ့ကျင့်သင်ကြား တတ်မြောက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်က အားကိုး အားထားပြုရသည့် စွမ်းရည်၊ စွမ်းပကား ပြည့်ဝသော နိုင်ငံ့သားကောင်း စစ်သည်များဖြစ်အောင် ဆက်လက် လေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သင်တန်းသားများအား သင်တန်းဆင်းဂုဏ်ပြု အမှာစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က သင်တန်းသား များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


