နေပြည်တော် ဇွန် ၂၈
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၇၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ၏ ပညာတတ် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရသော အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း။
သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆရာ၊ဆရာမများ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် အတတ်ပညာများပြည့်ဝစေရန် ကြိုးစားကြပြီး၊ တပည့်များကို နည်းမှန်လမ်းမှန်ဖြင့် လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ အမျိုးသားပညာ ရည်မြင့်မားရေးကဏ္ဍကို ဝိုင်းဝန်းပူးပေါင်းမြှင့်တင် ဆောင်ရွက်ကြရန်နှင့် ပညာတတ်အောင် သင်ကြားပေးရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိအောင်၊ လောကနီတိ၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်များကို စည်းကမ်းတကျ လိုက်နာတတ်ပြီး ယဉ်ကျေးလိမ္မာသည့် ပညာတတ် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင်၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်စွမ်းရှိအောင် “မိဘဆရာ ပူးပေါင်းကလေးပညာကောင်း”ဆိုသည့်အတိုင်း တပည့်များ၏ ပညာရည်တိုးတက်မြင့်မားစေရေး ဆရာ၊ ကျောင်းသား၊ မိဘများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား(၇၉)ဦး၊ သင်တန်းသူ(၃၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၅) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်တွင် ဖွင့်လှစ်လျှက်ရှိသော ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၅) သင်တန်းသား၊ သင်တန်းသူများ၏ နိုင်ငံတော် နယ်နိမိတ်များ ခေတ်အဆက်ဆက် ပြောင်းလဲလာမှုသမိုင်းခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းတို့ကို အားပေးကြည့်ရှုပြီး ဆွေးနွေးမှုများအပေါ် သုံးသပ်အကြံပြုဆွေးနွေးခဲ့သည်။
(သတင်းစဉ်)


