နေပြည်တော် ဇွန် ၂၈

 

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှု ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကြီးကြပ်မှု ဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြ သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိသည့်စာရင်းများ ကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက စာရင်းကောက်ရမည့်ရက် တိုးမြှင့် ကောက်ယူနိုင်ရေးနှင့် လုံခြုံရေးအပြည့်အဝရယူ၍ ကောက်ယူဆောင်ရွက်နိုင်ရေးတို့အတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များမှ သတ်မှတ်ကာလအပိုင်းအခြားတွင် အသက်(၁၈)နှစ်နှင့်အထက် အတည်ပြု လူဦးရေစာရင်းကိုလည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းနှင့် ပြိုင်တူတင်ပြ၍ နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့် မဲစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ဌာနအနေဖြင့်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း ဥပဒေနှင့်အညီ ပန်းခင်းစီမံချက် များဖြင့် ဆောင်ရွက်ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်ကျင်းပခဲ့သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိအခြေအနေတွင် မဲစာရင်းမှန်ကန်ရေး အတွက် အတည်ပြုလူဦးရေစာရင်းများ သတ်မှတ်ကာလအတွင်း စိစစ်ပြုစုပေးပို့နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှု ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီ ပြီးစီးရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)