ပွင့်ဖြူ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု၌ နွေစပါး ဆာဖိုးသာစပါးမျိုး အကွက်ကျယ် စံပြကွက် ဧက ၅၀ စံကွက်ရိတ်သိမ်းခြင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း စပါးအစို တင်း ၁၆၀ ကျော်ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး စိုက်ပျိုးရာသီအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်းပြီး ဇီးတောကျေးရွာအုပ်စုရှိ ဒေသခံတောင်သူ ၁၈ ဦး၏ လယ်မြေများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ပေးခဲ့သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီပြီး နွေစပါး ဆာဖိုးသာစပါးမျိုး အကွက်ကျယ်စံပြကွက် စိုက်ဧရိယာ ဧက ၅၀ ကို စိုက်ပျိုးဆောင်ရွက် ခဲ့သည်။ အဆိုပါစံပြကွက် စိုက်ကွင်းအတွင်း၌ ၆ ဒသမ ၆ ပေပတ် လည်ကို လက်ဖြင့်ရိတ် သိမ်းခြင်း၊ ၀ ဒသမ ၁၀ ဧက ကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်းအားဖြင့် စပါးအစို ၁၆၀ ဒသမ ၁၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းနေမှုအား မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှု အဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒေသခံများ၏ စိုက်ပျိုးရေးကဏ္ဍလိုအပ်ချက် တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်စပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ဧကပေါင်း ၂၃၆၆၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများက နွေစပါးသီးနှံများကို စတင်ရိတ်သိမ်းဆောင်ရွက်နေပြီး နွေစပါးပေါ်ချိန် စပါးအထွက်နှုန်းများ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)


