စလင်း ဇွန် ၂၉
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၄၇၆၇၇)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့မိုးစပါးစိုက်ပျိုးရန်အတွက် လျာထားချက်ပြည့်မီအောင် ဒေသခံတောင်သူများနှင့် ဆွေးနွေး အသိပညာပေးခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းများ ဆောင်ရွက်ပြီး နွေနှမ်းများရိတ်သိမ်းပြီးချိန် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ စိုက်ပျိုးမြေများထွန်ယက်၍ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ စလင်းမြို့နယ်တွင် နွေသီးနှံနွေစပါးများကို ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ(၉၉၅)ဦးတို့မှ စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်း မျိုးသန့်စပါးမျိုးများကို ဝယ်ယူအသုံးပြုနိုင်ကြစေရေး၊ အထွက်နှုန်းပြည့်မီရေး စိုက်ပျိုးရေး နည်းစနစ် မှန်ကန်စေရေး၊ ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများမှ ဆာပိုးသာ၊ မနောသုခ၊ ရတနာတိုး စပါးမျိုးများကို စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း


