ရန်ကုန်၊ ဇွန် ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေးအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မနေဇာဝင်းအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသား အကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မနေဇာဝင်းသည် ဇွန် ၂၈ ရက်က ယူအေအီးနိုင်ငံ ဒိုဟာမြို့မှ ဒေသစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၄၀ တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး စင်ကာပူမှတစ်ဆင့် ရန်ကုန်မြို့သို့ ယမန်နေ့ည ၁၀ နာရီ မိနစ် ၄၀ တွင် ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မနေဇာဝင်းသည် မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံ Sharjah ပြည်နယ်တွင် အလုပ်လုပ်ကိုင်စဉ် အတူတူအလုပ်လုပ်ကိုင်သည့် ဖိလစ်ပိုင်လူမျိုးနှင့် အဆင်မပြေသဖြင့် အေဂျင်စီရုံးသို့ ပြန်လာခဲ့ပြီး နောက်ဆုံးအလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်နေအိမ်သို့ ရောက်ရှိခဲ့ကာ အိမ်ရှင်အမျိုးသမီးက မကြာခဏဆူပူကြိမ်းမောင်းမှုများ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ကြုံတွေ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ ဆက်လက်အလုပ်လုပ်ကိုင်ရန် ဆန္ဒမရှိတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုကြောင်း အေးဂျင့်ရုံးသို့ပြောပြကာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အကူအညီ တောင်းခံမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 
ဆော်ဒီအာရေဗျနိုင်ငံ၊ အဘူဒါဘီမြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မနေဇာဝင်းက “ကျွန်မကအရှေ့ဒဂုံမြို့နယ်မှာနေပါတယ်။ ဒူဘိုင်းနဲ့အဘူဒါဘီမြို့မှာ အလုပ်လုပ်ခဲ့တာ ၂ နှစ်‌ကျော်ကြာခဲ့ပါတယ်။ လုပ်ခလစာအပြည့်ရပေမယ့် အစားအသောက်၊ နေထိုင်မှုအဆင်မပြေပါဘူး။ အလုပ်ရှင်အမျိုးသမီးရဲ့ မကြာခဏ ရိုက်နှက်တာကိုခံရတယ်။ ဆက်ပြီးလုပ်ကိုင်ဖို့ အဆင်မပြေတော့တဲ့အတွက် အမိနိုင်ငံကို ပြန်ချင်တာကြောင့် မြန်မာကောင်စစ်ဝန်ရုံးချုပ်နဲ့ဆက်သွယ်ပြီး အခုလိုပြန်ခွင့်ရခဲ့တာပါ။ သူတစ်ပါးနိုင်ငံမှာ အခက်အခဲဖြစ်နေချိန် မိမိနိုင်ငံသားတွေရဲ့ နွေးထွေးတဲ့ ကူညီစောင့်ရှောက်မှုဟာ ဘာနဲ့မှလဲလို့မရတဲ့ မေတ္တာဓာတ်တစ်ခုပါပဲ။ ဖြစ်နိုင်ရင်မသွားစေချင်ပါဘူး။ ဘာသာစကားကျွမ်းကျင်ပြီး သည်းခံနိုင်စွမ်းနဲ့ ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ပင်ပန်းတဲ့ဒဏ်၊ အိပ်ရေးမဝတဲ့ဒဏ်ကို သွားတဲ့သူတိုင်းကြုံရမှာပါ။ အဲဒီမှာအလုပ်လုပ်ရင် ၉၀ ရာခိုင်နှုန်း အဆင်မပြေကြတာများမှာပါ။ အခုလိုနိုင်ငံတော်က အမိနိုင်ငံသားတွေ ဒုက္ခကြုံတွေ့နေရချိန်မှာ မိသားစုလို ကူညီစောင့်ရှောက်ပေးခဲ့မှုကို ဘယ်လိုမှမေ့ဖျောက်လို့မရပါဘူး။ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒုက္ခရောက်နေသူများကို ဆက်ပြီးကူညီစောင့်ရှောက်ပေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်” ဟု ပြောကြားသည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင်မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွဲအသုံးချခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်း‌ကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော် အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - ကနူး 
ညိမ်းသူ(သတင်းစဉ်)