နေပြည်တော်၊ ဇွန် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ် ကတင်ကျေးရွာ မိုးကြိုချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်၌ ဒေသခံ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောင်သူနှင့် လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဘက် အကျိုး ဖြစ်ထွန်းစေမည့် ဝါအထွက်နှုန်းနှင့် ဝါဂွမ်းအရည်အသွေးကောင်း ရရှိရေးအတွက် နည်းပညာအပါအဝင် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် A Grade , B Grade , C Grade စသဖြင့် ဝါဂွမ်းအရည်အသွေးအလိုက် ရောင်းဝယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပြီး ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ဝါဂွမ်းဈေးကွက် ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ဝါလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြပေးနိုင်ကြရန် ဖိတ်ခေါ်ဆွေးနွေးသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဝါတစ်ဧကအတွင်း စိုက်ပျိုးရမည့် သတ်မှတ်အပင်အရေအတွက်နှင့် တစ်ပင်ချင်း၏ သီးလုံးအရေအတွက်ပေါ်မူတည်၍ ဝါထွက်ရှိမှုပမာဏ၊ အပင်သက်တမ်းအလိုက် စိုက်ပျိုးရေနှင့် ဓါတ်မြေဩဇာ စနစ်တကျထည့်သွင်းခြင်းဖြင့် အထွက်နှုန်းသာမက ဝါဂွမ်းမွှေးချည်မျှင်အရည်အသွေးအပေါ် သက်ရောက်မှု၊ မျိုးစေ့အသုံးပြုမှုဆိုင်ရာ ဂရုပြုရမည့် အချက်များကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် သီးနှံအလိုက် စိုက်ပျိုးရေစီမံခန့်ခွဲမှုဆိုင်ရာများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များက လက်ရှိစိုက်ပျိုးထုတ်လုပ်မှုနှင့် သွင်းအားစုအပြည့်အဝ အသုံးပြုနိုင်ရေး၊ ဝါဂွမ်းဈေးကွက် အလားအလာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သင့်တင့်မျှတသော ဓါတ်မြေဩဇာဈေးနှုန်းဖြင့် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး မိုးကြိုချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက်ကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကတင်ကျေးရွာအနီး ရွှေဒါးချောင်းပေါ်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးဖော်အသုံးပြုခဲ့သည့် ကတင်ကန်ကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီး စမုံချောင်းပေါ်တွင် ရှေးမြန်မာမင်းများ လက်ထက်က တူးဖော်အသုံးပြုခဲ့သည့် ကျောက်ဆည်ကန်၏ ရေဝင်ရောက်မှု၊ ကန်ပေါင် ကြံ့ခိုင်မှုနှင့် လယ်မြေဧက (၃၉၀၀) ကျော်ကို အကျိုးပြုနေမှုတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကန်များရေရှည်တည်တံ့စေရေးအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရမည်းသင်းခရိုင်၏ ဝါစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာန၊ တောင်သူနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


