မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော    ဈေးကွက်ဈေးနှုန်းထက် ပိုမို၍အမြတ်အစွန်း ရယူရောင်းချနေသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့သည်။ အရေးယူမှုများတွင် သတ်မှတ် ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့် အခွန်ထပ်မံ စည်းကြပ်သွားမည်ဖြစ်သည်ဟု သိရပြီး သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦးကို ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ အရ အရေးယူသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်သည့် ဆန်ဈေးကွက်ဈေးနှုန်းသည် ရောင်းသူ၊ ဝယ်ယူစားသုံးသူတို့ အတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်ပြီး အမှန်တကယ် ရောင်းချသည့် ဈေးကွက်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အတွင်း ကွာခြားချက်ရှိနိုင်သည်။ ရှော့ပင်းမောလ်များ၊ စူပါ မတ်ကတ်များ၌ ရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းနှင့် ၁၀ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ကွာခြားနိုင်သည်။ ပြည်တွင်း၌ ဆန်လက်လီဈေးနှုန်းများ မြင့်တက်မှုမှာ ယခုနှစ်ဦးပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး အဓိကစားကုန်ဖြစ်သည့် ဆန်ဈေးနှုန်းမြင့်တက်လာမှုက ပြည်သူလူထုကို အခက်အခဲ ဖြစ်ပေါ်စေရာ ဝင်ငွေနည်းပြည်သူများအပေါ် ပို၍ထိခိုက်စေသည်။ ဆန်ဈေးနှုန်းမြင့်တက်ရခြင်းနှင့် စပ်လျဉ်း၍ အခြေခံအကြောင်းရင်းများတွင် ပြီးခဲ့သည့်စပါးပေါ်ချိန်တွင် ရာသီဥတုဖောက်ပြန်ခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာတို့အပါအဝင် သွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်း၊ လယ်ယာ လုပ်အားခများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် ဆန်စပါးစိုက်ပျိုးရာဒေသများတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့်ဖြစ်ကြောင်းနှင့် ယင်းထက်ပို၍ အဓိကကျသည့်အကြောင်းမှာ ဆန်စပါး ဈေးကွက်အတွင်းသို့ ငွေကြေးအလုံးအရင်း ကိုင်ဆောင်ထားသူများ ဝင်ရောက်လာကာ ဝယ်ယူ သိုလှောင်ဈေးကစားမှုများ ပြုလုပ်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဆန်စပါးသည် မြန်မာနိုင်ငံတွင် အဓိကစားသုံး‌သော သီးနှံဖြစ်ပြီး မဟာဗျူဟာမြောက် သီးနှံလည်း ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ ဧကအားဖြင့် ၁၇ သန်းခန့်ကို နှစ်စဉ်စိုက်ပျိုးပြီး ထွက်ရှိလာသည့် စပါးသီးနှံ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုနှင့် စားသောက် ကုန်အမျိုးမျိုး ထုတ်လုပ်မှုတွင် အသုံးချသည်။ ကျန် ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့ တင်ပို့နေခြင်းဖြစ်သည်။ ဆန်စပါးသည် ပြည်တွင်း ပြည်ပ ဈေးကွက်သေချာသော ထုတ်ကုန်ဖြစ်ရာ ပြည်တွင်းဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အရင်းအနှီးငွေကြေး များစွာကိုင်ဆောင်ထားသူများ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သင့်သောကဏ္ဍဖြစ်သည်။ ထွက်ရှိလာသည့် ဆန်စပါးအပေါ်တွင်သာ ဝယ်ယူသိုလှောင်ခြင်း၊ ဈေးကစားခြင်းတို့ပြုလုပ်၍ အမြတ်အစွန်းပိုမိုရရှိရန် ပြုလုပ်ခြင်းက စီးပွားရေးကမောက်ကမ ဖြစ်စေသလို ဝယ်ယူစားသုံးနေသည့် အများပြည်သူကို အခက်အခဲ၊ အကျပ်အတည်း ကျရောက်စေသည်။

ဆန်စပါးကဏ္ဍတွင် မူလစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများအတွက် သွင်းအားစု ကုန်ကျစရိတ်များနှင့် လျော်ညီသည့် စပါးဈေးနှုန်း၊ သိုလှောင်ကြိတ်ခွဲသူ၊ ဝယ်ယူ ရောင်းချသူများအတွက် သင့်တင့်သည့်အကျိုးအမြတ်နှင့် စားသုံးသူပြည်သူများအတွက်လည်း ဖြစ်သင့်သည့် ဆန်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဦးတည်သင့်သည်။ တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံတစ်နိုင်ငံ၊ ဆန်စပါးအဓိကစိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးမှုမထိခိုက်‌ရေး၊ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးတို့ အတွက် သက်ဆိုင်သူအားလုံးက အလေးပေးဖော်ဆောင် ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း