သိန်းညွန့်(P.Z.L)

 

ငှက်များ၏ပျံသန်းကျက်စားမှုသည် သဘာဝပတ်ဝန်းကျင်အနေအထားနှင့် ရာသီဥတုအပေါ် ဖော်ညွှန်းကြောင်း ရှေးမဆွကပင် သုတေသီတို့သတိပြုမိခဲ့ကြပေသည်။ အထူးအားဖြင့် ငှက်သတ္တဝါတို့၏ ပျံသန်းပုံကိုစေ့ငု၍ ပင်လယ်ရေပြင်တစ်လွှား ရွက်လွှင့်သွားသူများအဖို့ အားပြုခဲ့ကြရပါ၏။ သို့ဖြင့်ငှက်များ၏ စရိုက်လက္ခဏာ အဖုံဖုံသည်ပင် သုတေသီများအတွက် စိတ်ဝင်စားဖွယ်အတိ ရှိခဲ့ပေသည်။

 

ငှက်မျိုးစိတ် ၁၀၄၇၃ မျိုး

ကမ္ဘာတစ်လွှား သုတေသနပြုလေ့လာချက်များအရ ငှက်မျိုးစိတ်ပေါင်း ၁၀၄၇၃ မျိုး ဖြန့်ကြက် ကျက်စားနေကြကြောင်း  သိမှတ်ရပါသည်။ အရှေ့တောင်အာရှတွင်ကား မြန်မာနိုင်ငံသည် ငှက်မျိုးစိတ်များစွာတို့၏ ပျော်စံကျက်စားရာ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေပေသည်။ သတ္တဗေဒ ရှုထောင့်မှကြည့်ပါက နို့တိုက်သတ္တဝါများပြီးလျှင် ငှက်များသည် အဆင့်မြင့်သတ္တဝါများအဖြစ် သီးခြားတွေ့ရှိကြရပါသည်။ မျက်မှောက်ပစ္စက္ခကာလ မြန်ဆန်စွာတိုးတက်လျက်ရှိသည့် ကမ္ဘာ၌ ငှက်များ ကို စူးစူးစိုက်စိုက် သုတေသနပြုလေ့လာခြင်းသည်လည်း ရေပန်းစားလာခဲ့ပေသည်။

 

ဆောင်းခိုပျော်စံကျက်စား

ကမ္ဘာတစ်ခွင်တွင် ဆောင်းခိုငှက်များပျံသန်းရာလမ်းကြောင်းကိုးခုရှိပြီး အလယ်အာရှပျံသန်းရာ လမ်းကြောင်း (Central Asia Flyway)နှင့် အရှေ့အာရှ သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian Australian Fly Way) နှစ်ခုကို အသုံးပြု၍ ဆောင်းခိုငှက်အများအပြားသည် မြန်မာနိုင်ငံ ရေဝပ် ဒေသများ၌ ဆောင်းခိုပျော်စံ ကျက်စားကြကြောင်း သိမှတ်ရပေသည်။

အမိမြန်မာနိုင်ငံတော်၏ အင်းတော်ကြီး၊ အင်းလေးကန်နှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့တွင် အဓိကကျသည့် ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေများအဖြစ် ရေပျော်ငှက်များ မြူးထူးကျက်စားလျက်ရှိကြသည်။

 

mdn

 

မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုကန်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်သည့် အင်းတော် ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာ စတုရန်းမိုင် ၁၀၀၊ ရေဝေရေလဲတောဧရိယာအနေဖြင့် ၂၁၄ ဒသမ ၆၇ စတုရန်းမိုင်အပါအဝင် စုစုပေါင်း ၃၁၄ ဒသမ ၆၇ စတုရန်းမိုင်ကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ် သြဂုတ် ၉ ရက်က စတင်သတ်မှတ်ခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၅၄၆ ပေ ရှိသည့် အင်းတော်ကြီးကန်သည် ပေ၂၀၀၀ ကျော် မြင့်မားလှသည့် တောင်စဉ်တောင်တန်းများ လွှမ်းခြုံထားကာ ရေပျော်ငှက် ၁၀၅ မျိုးကို တွေ့ရှိထားသည်။

 

အရေးကြီးသော ငှက်မျိုးစိတ်များကျက်စား

နှစ်စဉ်ဆောင်းခိုရေပျော်ငှက်ကောင်ရေ ၂၀၀၀၀ ကျော်လာရောက်ကျက်စားကြ၍ နိုင်ငံတကာအဆင့် အရေးကြီးသောငှက်မျိုးစိတ်များ ကျက်စားရာ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားပါ၏။

ကမ္ဘာသိထင်ရှားလှသော ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်နှင့် စံကားအင်း၊ ပင်လောင်း/ဖယ်ခုံ၌ မိုးဗြဲအင်းဒေသများသည်လည်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ ဖြစ်ကြပြီး ရေပျော်ငှက်မျိုးစိတ် ၉၅ မျိုး တွေ့ရှိထားကာ နှစ်စဉ် ဆောင်းခိုရေပျော်ငှက်ကောင်ရေ ၂၀၀၀၀ ကျော် ကျက်စားရာ သဘာဝထိန်းသိမ်းရေး နယ်မြေများပင် ဖြစ်သည်။

 

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

ရေပျော်ငှက်မျိုးစိတ်ပေါင်း ၈၀ ခန့် ကျက်စားရာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည်ကား နိုင်ငံတကာအဆင့် အရေးကြီးသော ငှက်မျိုးစိတ်များကျက်စားရာ နယ်မြေဖြစ်ပြီး ပဲခူး တိုင်းဒေသကြီး ပဲခူးနှင့် ဝေါမြို့နယ်များအတွင်းတည်ရှိသည်။

အချုပ်အားဖြင့်ဆိုရပါက ဂေဟစနစ်အတွက် အရေးပါသော ရေပျော်ငှက်များ၏ လူသားများအတွက် ဝန်ဆောင်မှုပေးသည့် အနေအထားသည်ကား များပြားလှပါဘိ။ ဤသည်မှာ သဘာဝကပေးစွမ်းသော ရေပျော်ငှက်များ၏ အထောက်အပံ့ကောင်းများပင် ဖြစ်ချေသည်။

သို့ဖြစ်ပေရာ ရေပျော်ငှက်များပျော်စံရာ မြန်မာ နိုင်ငံ၏ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေ ရမ်ဆာ ရေဝပ်ဒေသများဖြစ်ကြသော အင်းတော်ကြီး၊ အင်းလေးကန်နှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ၌ ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ အရှည်တည်တံ့စေရေးအတွက် တာဝန်သိပူးပေါင်းပါဝင်ကြနိုင်ရေး တိုက်တွန်း နှိုးဆော်လိုက်ရပေသည်။