မောင်မောင်(မင်းဘူး)
မြန်မာနိုင်ငံ၏ အထင်ကရမန်းရွှေစက်တော်ဘုရားကြီးအား အမှီပြု၍ ရွှေစက်တော်ဘေးမဲ့တောကို အာဆီယံ အမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Center for Bioiversity–ACB) နှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းပြီး ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထားရယူခြင်းကို ဇွန် ၁၉ ရက်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန ရွှေစက်တော်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ရွှေစက်တော်ဘေးမဲ့တောအား စတင်ဖွင့်လှစ်တည်ထောင်ခြင်းနှင့် ဘေးမဲ့တောအတွင်း ဇီဝမျိုးစုံမျိုးကွဲများ၊ သားငှက်တောရိုင်းတိရစ္ဆာန် များ၏ ကျင်လည်ကျက်စားနေထိုင်မှုနှင့် ၎င်းတို့အား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန (နေပြည်တော်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းက ရွှေစက်တော်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲ၌ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်း၊ အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် အဆိုပြု သတ်မှတ်ခြင်းဆိုင်ရာစံနှုန်းများနှင့် အာဆီယံအမွေအနှစ်ဥယျာဉ် ၅၇ ခုအနက်မှ မြန်မာနိုင်ငံက သဘာဝထိန်းသိမ်း ရေးနယ်မြေ ရှစ်ခုပါဝင်နေကြောင်း၊ မြန်မာနိုင်ငံအတွင်းမှ အာဆီယံ အမွေအနှစ်ဥယျာဉ်များ (AHPs)အဖြစ် ထပ်မံတိုးချဲ့ပြီး အမည်စာရင်းများ အဆိုပြုရန်အတွက် အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနသို့ ဆက်သွယ် တင်ပြထားကြောင်း ဒေသခံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လွတ်လပ်သော ဆန္ဒသဘောထားများကို ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။


