ဂျေရုဆလင်၊ ဇွန် ၃၀
အစ္စရေးတပ်မတော်သည် ဂါဇာကမ်းမြောင်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိနေသည့်အပြင် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများနှင့်လည်း အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည့်အတွက် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ရှီးယိုက် စစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခဖြစ်ပွားမှုများ ပို၍အရှိန်ပြင်းထန်လာခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲယ်လန့်က စစ်ပွဲကို မလိုလားကြောင်း၊ သို့သော်လည်း စစ်ပွဲအတွက် အဆင်သင့်ရှိကြောင်း သောကြာနေ့တွင် ပြောသည်။
စနေနေ့က လက်ဘနွန်နိုင်ငံမှ ဖြတ်ကျော်လာသော တင့်ဖျက်ဒုံးကျည်များကို တွေ့ရှိခဲ့ပြီး အဆိုပါဒုံးကျည်များ ပစ်လွှတ်လိုက်သည့် နေရာများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး တပ်မတော်က ပြောသည်။ တစ်ချိန်တည်းတွင် အစ္စရေးတပ်မတော်သည် ဂါဇာမြောက်ပိုင်းအပြင်တောင်ပိုင်း ရာဖာကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမား အမြောက်အမြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် စာသင်ကျောင်း ဝင်းတစ်ခုအတွင်း လက်နက်သိုလှောင်ရုံတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။ အစ္စရေး တိုက်လေယာဉ်များသည် ဂါဇာမြောက်ပိုင်းရှိ နေအိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားအများအပြား သေဆုံးကာ အခြားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြထားသည်။
အောက်တိုဘာ ၇ ရက်က ပဋိပက္ခ စတင်ဖြစ်ပွားပြီး နောက်ပိုင်း ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းသေဆုံးသူ အရေအတွက် စုစုပေါင်းမှာ ၃၇၈၃၄ ဦး အထိ မြင့်တက်လာကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောသည်။
အင်န်အိတ်ချ်ကေ