ပွင့်လင်းမြင်သာသော တိုးတက်ခေတ်မီလာသည့် ခေတ်ကာလ၌ ဈေးကွက်စီးပွားရေးစနစ် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသည်။ သမားရိုးကျ ရောင်းဝယ်ဖောက်ကားသော စနစ်ဟောင်းမှ တစ်ကမ္ဘာလုံးလွှမ်းခြုံ အလျင်အမြန် ချိတ်ဆက်နိုင်သော ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပေါ်ထွန်းလာသည်။ ဒစ်ဂျစ်တယ်စီးပွားရေးဆိုသည်မှာ ကွန်ပျူတာသတင်းအချက်အလက်ကို နည်းပညာဖြင့် ချိတ်ဆက်ထားသော စီးပွားရေး စနစ်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင်ရှိသည့် နိုင်ငံအသီးသီးသည် (Digital Transformation) ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းသည့် လုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသည်။ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိရှိအသုံးချပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံ၊ လူမှုရေး၊ ပညာရေး၊ ကုန်သွယ်ရေးစသည့် နယ်ပယ်အသီးသီးတွင် ဟန်ချက်ညီညီ ကူးပြောင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး The Global Value Chain ဟု ခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်လာနိုင်ပြီဖြစ်သည်။
ဒစ်ဂျစ်တယ်စီးပွားရေးစနစ်သည် ကွန်ပျူတာသတင်းအချက်အလက်နှင့် နည်းပညာကွန်ရက် ချိတ်ဆက် ထားခြင်းဖြစ်၍ မိုဘိုင်းအင်တာနက် ဆက်သွယ်ရေးစနစ်ထက် ဖိုင်ဘာအင်တာနက် ဆက်သွယ်ရေးသည် အရေးပါသည့် စနစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံး မြန်နှုန်းမြှင့် အင်တာနက်စနစ်သည် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီဖြစ်သော်လည်း Fixed Broad band သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာရှိသေးသည့်အတွက် မြန်နှုန်းမြှင့်ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများတွင်သာမက ကျေးလက်ဒေသ နယ်စပ်များအထိပါ လွှမ်းခြုံအသုံးပြုနိုင်အောင် ဆောင်ရွက်သွားရဦးမည် ဖြစ်သည်။
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရေးသည် အရေးကြီးသည်။ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား ၎င်းတို့တတ်ကျွမ်းသည့် နည်းပညာဖြင့် နိုင်ငံတော်၏ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွပါဝင်လာနိုင်ရေး မက်လုံးများဖြင့် ဆွဲဆောင်စည်းရုံး သွားကြရမည်ဖြစ်သည်။ ပြည်သူများလိုအပ်သည့် နည်းပညာကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များရရှိစေရန် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက်ကျော်လွန်ပြီး စီးပွားရေးတွင်သာမက ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်ပါ အကျိုးရှိစွာ အသုံးချရန်လိုအပ်သည်။
ဒစ်ဂျစ်တယ်စီးပွားရေး၏ အဓိကကျသည့်မဏ္ဍိုင်ဖြစ်သည့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့် အွန်လိုင်းစီးပွားရေးကို အောင်မြင်စွာ အကောင်အထည်ဖော်သွားရာ၌ မလိုလားအပ်သည့်ဖြစ်ရပ်များကို တားဆီးကာကွယ်နိုင်ရန်အတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်သွားရန်လည်းလိုအပ်သည်။ မျက်မှောက်ကာလတွင် အွန်လိုင်းလိမ်လည်မှုများ များပြားလာသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး ပလက်ဖောင်းပေါ်တွင် ပါဝင်သူများအားလုံး သတိပြုရမည့် အသိပညာဗဟုသုတများ လိုအပ်သည်။ မိမိတို့၏ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို လူမှုကွန်ရက် များ၊ ဝက်ဘ်ဆိုက်များမှတစ်ဆင့်ကြော်ငြာ၍ ဈေးကွက်ရှာဖွေခြင်း၊ ငွေပေးချေခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့လာလျှင် စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင် လာပြီး နိုင်ငံ့စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO နှင့် အာဆီယံနိုင်ငံများအတွင်း ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အွန်လိုင်း စီးပွားရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ကတိကဝတ်များနှင့် ကိုက်ညီစေရေး၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအစဉ်များကို ခေတ်ကာလနှင့်အညီ လက်တွေ့နယ်ပယ်တွင် အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်စေရေးအတွက် မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၂၃ (အပြီးသတ်မူကြမ်း)ကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဒစ်ဂျစ်တယ်နည်းပညာ၏ အသုံးဝင်မှုနှင့်အရေးကြီးမှုကို ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ပိုမိုထင်ရှားစွာ မြင်တွေ့လာကြရပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်း တစ်သောင်း ကျော်သည် အွန်လိုင်းပေါ်သို့ ဦးစွာရောက်ရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ တိုးတက်လာရခြင်းတွင် ပြည်တွင်း စားသုံးသူများအတွက် ပြည်ပကုန်ပစ္စည်းများ၊ ပြည်ပစားသုံးသူများအတွက် ပြည်တွင်းကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် မှာယူခွင့်ပြုကာ မှာယူသည့်ပစ္စည်းများအတွက် အခွန်အခကင်းလွတ်စေခြင်း၊ နယ်စပ်ဖြတ်ကျော်ရေးတွင် ကုန်ကျစရိတ်သက်သာစေခြင်း၊ ပို့ဆောင်မှုမြန်ဆန်ခြင်းတို့ကြောင့် ကမ္ဘာ့ အကြီးဆုံးဈေးကွက်ကြီး ဖြစ်လာခဲ့သည်။
သို့ဖြစ်ရာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ခေတ်စားလာပြီး တိုးတက်အောင်မြင်နေသော ကာလတွင် မြန်မာနိုင်ငံမှထွက်ရှိသော ထုတ်ကုန်များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ပစ္စည်းများ ပြည်တွင်း၌သာမက နိုင်ငံတကာဈေးကွက်သို့ပါ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နည်းပညာ၊ နည်းလမ်း၊ ကြိုးပမ်း အားထုတ်မှုများကို ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ